DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် လဝကရုံးနှင့် ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ ဆိပ်ဖြူမြို့နယ်၌ စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
January 5, 2023
မြိုင်မြို့နယ်တွင် လဝကရုံးနှင့် ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ ဆိပ်ဖြူမြို့နယ်၌ စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူတွေဆီက ငွေကြေးတောင်းခံနေပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လဝကရုံးကို ဇန်နဝါရီ ၃ ရက် ည ၁၀ နာရီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၆ MVRF ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က ဒီဗွီဘီကို ပြောပါတယ်။

“မြိုင်မြို့နယ် လဝကရုံးကို ဇန်နဝါရီ ၃ ရက် ည ၁၀ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ အဲဒီ လဝကရုံးက ဝန်ထမ်းတွေဟာ မှတ်ပုံတင်ပြုလုပ်တဲ့ ပြည်သူတွေဆီကနေ ငွေ ၃ သိန်းကျပ်ဆီ တောင်းနေတယ်လို့ သတင်းရပြီး စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် စာရင်းတွေ ပြုလုပ်နေတာကြောင့် မီးရှို့ ဖျက်ဆီးခဲ့တာ။”

စစ်အာဏာရှင်တော်လှန်ရေးဟာလည်း ရေချိန်မြင့်မားလာတာနဲ့အမျှ စစ်ကောင်စီရဲ့ ယန္တရား ဒေါက်တိုက်တွေကို အမြစ်ပြတ် ဖြိုလှဲပစ်ရမယ်လို့ ကိုသူရိန်က ဆိုပါတယ်။

MVRF တပ်ဖွဲ့အနေနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းကလည်း ဘေးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကားနေတဲ့ ကန်နီ ပျူစောထီးရွာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်မှာပဲ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းတခု လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်ကနေ သိရပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ကျေးရွာက ပျူစောထီးစခန်းကို ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်လုပ်လက်နက်ကြီးတွေနဲ့ ၁၆ ချက်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မီးပွားက ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ကြီးကျည်တွေက သူတို့စခန်းနားမှာ ကျရောက်ပေါက်ကွဲပြီး စစ်(...)၊ ပျူ(...) ၆ ယောက် ဒဏ်ရာရရှိတယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတာ။ အဲဒီပျူစခန်းကို နာရီဝက်လောက်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားနေရပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာလည်း  စစ်ကြောင်းထိုးဖို့လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၁၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဆိပ်ဖြူမြို့နယ် ထမ္မကောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ လုပ်နေတာကို ဟန့်တားတဲ့အနေနဲ့ ဇန်နဝါရီ ၁ ရက် မနက် ၇ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC ရဲ့ ပြန်ကြားရေးတာဝန်ခံ ဘုန်းလူက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကျေးရွာ ဒေသခံတွေရဲ့ ပြောပြချက်အရတော့ စစ်ကောင်စီတပ်ဘက်က ၃ ယောက် သေဆုံးတယ်လို့ သိရတယ်။ အဲဒီနားမှာ ပြည်သူတွေရဲ့ကား ရှိနေတာကြောင့် ဗုံးသီးတလုံးပဲ ဖြုတ်ချတိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“နောက်ထပ်တစီး ထပ်လွှတ်တဲ့အချိန် ပေ ၃၀၀ လောက်ရောက်တဲ့အချိန်မှာ စစ်(...)တွေဘက်က လေဆာနဲ့ထိုးတာ ခံလိုက်ရပြီး ပျက်ကျခဲ့ပေမဲ့ ဗုံးသီးမကွဲလို့ ကျနော်တို့ ရဲဘော်တွေ ထိခိုက်မှုမရှိသလို ဒရုန်းကိုလည်း ပြန်လည်ရယူနိုင်ခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC နဲ့ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SP PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရမ်းသန်းပစ်ခတ်ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ကိုဘုန်းလူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013