DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးနေ
DVB
·
January 5, 2023
မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးနေ
Donate to DVB

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေပေမဲ့ ပြည်တွင်းကို နိုင်ငံတကာက တိုက်ရိုက် လေကြောင်းခရီးစဉ် ဆိုက်ရောက်မှု နည်းပါးနေသေးတဲ့အတွက် ပြည်ပခရီးသွားဧည့်သည် တိုးတက်ဝင်ရောက်လာဖို့ ခက်ခဲနေသေးတယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၂ခုနှစ်  ဧပြီ ၁၇ ရက်က စတင်ပြီး  နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်တွေကို ပုံမှန်ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုည်းပါးနေပြီး၊  မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ခွာတဲ့ ခရီးသွားတွေသာ များပြားနေတာဖြစ်ပါတယ်။

လတ်တလောမှာ  မြန်မာနိုင်ငံကို package Tour( ခရီးသွားကုမ္ပဏီများမှ အစီအစဉ်ဖြင့် လည်ပတ်သူ)  အနေနဲ့ ထိုင်းနိုင်ငံဘက်က ဝင်ရောက်တဲ့ ခရီးသွားဧည့်သည် များပေမဲ့ တခြားအာဆီယံနိုင်ငံတွေကနေ အုပ်စုလိုက်ဝင်ရောက်တဲ့ ဧည့်သည်မရှိသလောက် နည်းပါးနေတယ်လို့  ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။

ဝါရင့် ခရီးသွားလုပ်ငန်းရှင် တစ်ဦးက "ပြည်ပခရီးသွားကတော့ အခုလောလောဆယ် နည်းနည်း ခက်နေသေးတယ်။ ပြည်တွင်းကို ပြည်ပကနေ တိုက်ရိုက်ဆင်းတဲ့ လေကြောင်းလိုင်းတွေက နည်းနေသေးတယ်။  အခုလောလောဆယ်တော့ ရန်ကုန်နဲ့ ဘန်ကောက်ကြားထဲမှာပဲ တောက်လျှောက် သွားနေတော့ ထိုင်းနိုင်ငံဘက်က  package Tour( ခရီးသွားကုမ္ပဏီများမှ အစီအစဉ်ဖြင့် လည်ပတ်သူ)  အနေနဲ့ဝင်ရောက်လာတဲ့ ခရီးသည်တွေများပေမဲ့ တခြားအာဆီယံနိုင်ငံတွေက ဝင်ရောက်မှုမျိုး မရှိသေးဘူးဥပမာအားဖြင့် မလေးရှား တို့စင်ကာပူတို့ကနေ package Tour အနေနဲ့ဝင်ရောက်လာတာမျိုး ကျနော်တို့ဆီမှာ  လုံးဝမရှိသေးပါဘူး” လို့ ပြောပါတယ်။

အနောက်နိုင်ငံတွေကနေ  ကိုယ်ပိုင်အစီအစဉ်နဲ့ လာရောက်လည်ပတ်တဲ့ ကျောပိုးအိတ်လွယ်  (FIT) ခရီးသွား ဧည့်သည်တွေ လာရောက်တာရှိပေမဲ့ အရေအတွက် နည်းနေသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရုရှားခရီးသွားတွေ မြန်မာနိုင်ငံကို တိုးတက် ဝင်ရောက်လာဖို့ ၂၀၂၂ခုနှစ်ဇူလိုင်လက စပြီး တစ်နှစ်ဗီဇာကင်းလွတ်ခွင့် ပြုပေးထားပေမဲ့ နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း မရှိသေးတဲ့အတွက် လက်တလောမှာ လာရောက်လည်ပတ်သူ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

၂၀၂၃ နှစ်ဆန်းပိုင်းမှာ ရှရှားနဲ့ မြန်မာနိုင်ငံအကြားမှာ တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲနိုင်လိမ့်မယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက မျှော်မှန်းထားပြီး၊ ရှရှား ခရီးသွားတွေ ပိုမိုဝင်ရောက်လာဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

ခရီးသွားလုပ်ငန်းရှင် တစ်ဦးက “ ရှရှားနိုင်ငံက မြန်မာပြည်ကို ခရီးသွားဖို့အတွက် အင်မတန် စိတ်ဝင်စားပေမဲ့လည်း လေကြောင်းပြေးဆွဲမှုတွေ မရှိသေးတဲ့အတွက် သူတို့လည်း မလာနိုင်သေးဘူးပေါ့။ ဗီဇာကလည်း ခွင့်ပေးထားတော့ အခွင့်အလမ်းကောင်းတွေ သူ့တို့အတွက် ရှိနေပေမဲ့ တစ်ကယ်တမ်း မလာနိုင်သေးဘူးဖြစ်နေတယ်။ ဒါကြောင့်မို့ စောင့်မျှော် ဆဲပါပဲ” လို့ ပြောပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းဟာ ကိုဗစ်၁၉ ရောဂါကြောင့် ၂၀၂၀ နှစ်ဆန်းပိုင်းကစ ကျဆင်း သွားခဲ့တာဖြစ်ပြီး၊  ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပိုမိုဆိုးရွားသွားကာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့အတူလုပ်ငန်းတွေအားလုံးနီးပါး ရပ်တန့်ထားရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာပေမဲ့ ပြည်ပ ခရီးသွားဝင်ရောက်မှုကတော့  ဒေသတွင်း မတည်ငြိမ်တာနဲ့ လုံခြုံရေး အခြေအနေတွေအရ  အများကြီး မျှော်မှန်းလို့ မရနိုင်သေးဘူးလို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ဆိုပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဌာနရဲ့  စာရင်းအရ မြန်မာနိုင်ငံကို လေကြာင်းကနေ  ပြည်ပခရီးသွားဝင်ရောက်မှုက ၂၀၁၈ ခုနှစ်မှာ ၁ဒသမ၃ သန်း ကျော်ရှိပြီး၊ ၂၀၁၉ခုနှစ်မှာ ၁ဒသမ၈ သန်းဝန်းကျင်ထိ တိုးတက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်  ဇန်နဝါရီကနေ အောက်တိုဘာလအထိ ၁၀ လအတွင်းမှာတော့  လေကြောင်းကနေ ပြည်ပခရီးသွား ဧည့်သည်  ၁၀၀၀၀ ကျော်သာ ဝင်ရောက်ခဲ့ပြီး  ၂၀၂၂ ခုနှစ် ကာလတူမှာ ၆၀၀၀၀ ကျော်သာ ဝင်ရောက်ထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013