
စစ်အာဏာရှင်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ချတ်ချိုင်းဘန်းချူအတ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်အစိုးရဘက်က ထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်အာဏာရှင်အစိုးရ သတင်းစာက ဖော်ပြပါတယ်။
ဒါပေမဲ့ ထိုင်းဘက်ကတော့ ဩဂုတ် ၂၈ ရက် နေ့လယ်အထိ သတင်းထုတ်ပြန်တာ မတွေ့သေးပါဘူး။
လက်ရှိမှာ ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများကော်မတီ အစည်းအဝေးကို ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ သတင်းအချက်အလက်တွေ အပြန်အလှန် ပေးပို့ဖလှယ်ရေးတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထိုင်းနိုင်ငံကိုသွားရောက်ပြီး ထိုင်းဘုရင့်တပ်မတော် အကြီးအကဲတွေနဲ့ တွေ့ဆုံကာ လုံခြုံရေးနဲ့ နယ်စပ်အရေးကိစ္စတွေ ဆွေးနွေးပြီး နေပြည်တော်ကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။











