DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးသတင်းထောက် ၂ ဦးအပါအဝင် သတင်းထောက်အချို့ ပြန်လည်လွတ်မြောက်
DVB
·
January 4, 2023
အမျိုးသမီးသတင်းထောက် ၂ ဦးအပါအဝင် သတင်းထောက်အချို့ ပြန်လည်လွတ်မြောက်
1 / 3
Donate to DVB

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီ ၄ ရက်နေ့ ဒီကနေ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့  အကျဉ်းထောင်က ပြန်လွတ်လာသူတွေအထဲမှာ အမျိုးသမီးသတင်းထောက် ၂ ယောက်အပါအဝင် သတင်းထောက်အချို့လည်း ပါဝင်လာ ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ အလွတ်တန်းသတင်းထောက် မသူဇာနဲ့ ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ ရုပ်သံသတင်းထောက် မလွေးအမ်ဖောင်းတို့ ဒီနေ့ပြန်လည်လွတ်မြောက်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

VOM သတင်းဌာနက သတင်းထောက် ကိုပြည့်ဖြိုးအောင်၊ 7 Day သတင်းဌာနက သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနဲ့ ကိုကျော်ဇေယျ (သတင်းထောက်ချုပ် / မော်ကွန်း) တို့လည်း  ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။ 

ဒါ့ပြင် ပြည်မြို့ အကျဉ်းထောင်ကနေ  သတင်းထောက် ရဲထွန်းဦး (ခ) မောင်ကောင်း(အလင်းမြေ) ဒီနေ့ နေ့လယ်က ပြန်လွတ်မြောက်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။ 

ဒီနေ့လွတ်မြောက်လာတဲ့အထဲမှာ သတင်းထောက်အရေအတွက် စုစုပေါင်းဘယ်လောက် ပါဝင်သလဲဆိုတာကိုတော့  လတ်တလော အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်အခြေစိုက် အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခ) မသူဇာဟာ  စစ်တပ်မုန်းတီးရေး ရေးသားဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀၅ (က) နဲ့  အင်းစိန်ထောင်တွင်း တရားရုံးမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပိတ်သိမ်းခံရတဲ့ သတင်းမီဒီယာဌာန  တဒါဇင်ကျော်ရှိပြီး  ၃၁ ဒီဇင်ဘာ ၂၀၂၂ ထိ ဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းသမား အနည်းဆုံး ၁၅၆ ယောက်ရှိခဲ့ကာ ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒီအထဲက ၉၇ ဦးမှာ လွတ်မြောက်လာခဲ့ပြီး အကျဥ်းထောင်များထဲတွင် အနည်းဆုံး ၅၅ ဦး ကျန်နေပါသေးတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ  သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ ဒုတိယအဆိုးဝါးဆုံးနိုင်ငံ ဖြစ်တယ်လို့လည်း အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း ထုတ်ပြန်ထားပါတယ်။

RSF ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းစာရင်းထဲက နိုင်ငံ ၁၈၀ မှာ မြန်မာနိုင်ငံဟာ  သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံအဆင့် ၁၇၆ မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013