DVB Logo
Home
မြန်မာသတင်း
ခရီးသွားရာသီ ပြည်တွင်းခရီးသွားလုပ်ငန်း ပုံမှန်အခြေအနေ ပြန်မရောက်သေး
DVB
·
January 4, 2023
ခရီးသွားရာသီ ပြည်တွင်းခရီးသွားလုပ်ငန်း ပုံမှန်အခြေအနေ ပြန်မရောက်သေး
Donate to DVB

ခရီးသွားရာသီ ပြည်တွင်းခရီးသွားလုပ်ငန်း အခြေအနေဟာ လွန်ခဲ့တဲ့ သုံးလလောက်ကစလို့ ပြန်လည် လည်ပတ်နေပြီဖြစ်ပေမဲ့ ရာနှုန်းပြည့် လည်ပတ်နိုင်တဲ့အဆင့်ထိ ပုံမှန်အခြေအနေ မရောက်သေးဘူးလို့ ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုခံခဲ့ရတဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ဖြတ်သန်းပြီးကာလ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေဟာ ပြန်လည်စတင်ဖို့ တာစူနေတာပါ။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာပြီးနောက် ပြည်တွင်းခရီးသွား လုပ်ငန်းဟာ ၂၀၂၁ ခုနှစ်ကစပြီး ကျဆင်းသွားခဲ့ရာ အခုအချိန်ထိ ပုံမှန်အခြေအနေဆီ ပြန်ရောက်မလာသေးပါဘူး။

ပြည်တွင်းခရီးသွားဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တဦးက “ကျနော်တို့ဆီမှာ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကြုံခဲ့ရပြီးတဲ့နောက် လူတွေဟာ အိမ်ထဲမှာပဲ နေခဲ့ရတဲ့အတွက် ကိုဗစ် ငြိမ်သွားတဲ့အချိန် နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ခရီးထွက်ကြလို့ ခရီးသွားတွေ ပြန်တက်လာတယ်။ ဒါပေမဲ့ ဘာသွားဖြစ်လဲဆိုတော့ ၂၀၂၁ မှာ စစ်တပ် အာဏာသိမ်းပြီးနောက် သိတဲ့အတိုင်းပဲ လုံခြုံရေးမကောင်းလို့ ခရီးသွားတဲ့နှုန်းက လုံးဝ ကျသွားခဲ့တယ်။ တခါ ၂၀၂၂ ခရီးသွားရာသီမှာတော့ လူတွေဟာ မွန်းကြပ်လာတဲ့အတွက် ခရီးသွားလာချင်ကြတယ်။ ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်တွင်းခရီးသွား အခြေအနေ ပြန်လည် လည်ပတ်လာတာက ၃ လ၊ ၄ လလောက်ပဲ ရှိပါသေးတယ်။ ဒီ့မတိုင်ခင်ကတော့ ခရီးသွားလုပ်ငန်းက လည်ပတ်နိုင်မှု မရှိသေးဘူး။ ဒါကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းက လက်ရှိမှာတော့ ပြန်လည် လည်ပတ်နေပြီ ဆိုနိုင်ပေမဲ့ ရာနှုန်းပြည့် ပုံမှန်အခြေအနေတော့ မရောက်သေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကုန်ကျစရိတ်အနေနဲ့ အရင် ကိုဗစ်မဖြစ်ခင်ကာလမှာ ရှိခဲ့တဲ့ စရိတ်နဲ့ နှိုင်းယှဉ်ရင် မျှခြေရှိနေတာကြောင့်လည်း ပြည်တွင်းမှာ ခရီးသွားလာမှု ပြန်ရှိလာတာ ဖြစ်နိုင်တယ်လို့ သူက အခုလို သုံးသပ်ပြောပါတယ်။

“ကုန်ကျစရိတ်တွေက ပွင့်ပွင့်လင်းလင်းပြောရရင် သယ်ယူပို့ဆောင်ရေးမှာ ဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ကားငှားရတဲ့စရိတ်တွေ တက်လာတယ်။ ဒါပေမဲ့ တဖက်မှာ မျှခြေ ဖြစ်သွားရတဲ့ အကြောင်းရင်းက ကိုဗစ်ကြောင့် နားခဲ့ရတဲ့ ဟိုတယ်တွေက ပြန်ဖွင့်တဲ့အခါ ဈေးနှုန်းကြီးမြှင့်မှုမရှိဘဲ ဈေးတွေလျှော့ပေးလိုက်တဲ့သဘော ရှိတယ်။ ဒါကြောင့် ကုန်ကျစရိတ်အနေနဲ့ ကိုဗစ်မတိုင်ခင်ကရှိခဲ့တဲ့ ဈေးနှုန်းလောက်ပဲ ရှိတယ်။ စားသောက်စရိတ်တွေ တက်လာတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လာတယ် ဆိုပေမဲ့ တည်းခိုရတဲ့စရိတ်က မတက်လို့ မျှခြေရှိတယ်လို့ ပြောလို့ရပါတယ်။ ပြည်တွင်းခရီးစဉ် အနေနဲ့က စိတ်ချရတဲ့ ကမ်းခြေဒေသတွေ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင် နေရာမျိုးတွေ၊ ရှမ်းပြည်နဲ့ ကလော ဒီနေရာတွေပဲ သွားကြတာများပါတယ်။”

ပြည်တွင်းခရီးသွားလုပ်ငန်းနည်းတူ ပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်းကလည်း ပုံမှန်အခြေအနေ ပြန်မရောက်သေးတဲ့အကြောင်း ပြည်ပရီးသွားဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီပိုင်ရှင်တဦးက  မှတ်ချက်ပေးပါတယ်။

“ပြည်ပခရီးသွားလုပ်ငန်းက Inbound၊ Outbound နှစ်ပိုင်းရှိတာပေါ့နော်။ Inbound အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ နိုဝင်ဘာကစပြီး ပြည်ပခရီးသွားတွေ ဝင်ရောက်မှုတော့ ရှိလာတယ်။ ထိုင်းနိုင်ငံကနေ ဝင်လာတဲ့သူတွေပေါ့။ ရန်ကုန်ကနေ ပဲခူး၊ ကျိုက်ထီးရိုး ခရီးစဉ်တွေကို ၁၀ ယောက် ၁၅ ယောက်ရှိတဲ့ အုပ်စုအသေးလေးတွေနဲ့ သွားလာကြတာ ရှိခဲ့တယ်။ ပြီးတော့ Individual အနေနဲ့ ကျောပိုးအိတ်တလုံးလွယ်ပြီး သွားကြတဲ့ လူငယ်တွေပေါ့။ သူတို့ဆိုရင်လည်း ပုဂံ၊ မန္တလေး ခရီးစဉ်တွေ သွားကြတာရှိတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေဆီကနေ အုပ်စုလိုက် အဖွဲ့ကြီးနဲ့ လာကြတာမျိုးတော့ အခုအချိန်ထိ မရှိသေးပါဘူး။ တခါ Outbound အနေနဲ့ မြန်မာပြည်ကနေ ပြည်ပထွက်ကြတာ အပန်းဖြေခရီးလိုမျိုး ဘန်ကောက်ထွက်ပြီး ဈေးဝယ်ကြတာ၊ ပြီးတော့ ဗုဒ္ဓဂါယာ ဘုရားဖူး ထွက်ကြတာတွေတော့ ရှိလာတယ်။”

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေ အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုက ၄ ဒသမ ၈ သန်းကျော် ရှိခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013