DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အကျဥ်းထောင်များမှ အကျဉ်းသား ၃၀၇ ဦးပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားတဦးမှ မပါဝင်
DVB
·
January 4, 2023
ရခိုင်ပြည်နယ် အကျဥ်းထောင်များမှ အကျဉ်းသား ၃၀၇ ဦးပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားတဦးမှ မပါဝင်
Donate to DVB

ရခိုင်ပြည်နယ် အကျဥ်းထောင်အသီးသီးက အကျဥ်းသား၊ အကျဉ်းသူ  ၃၀၇ ဦးကို စစ်ကောင်စီက လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဥ်းသားတယောက်မှ မပါဝင်ဘူးလို့ ထောင်နဲ့ နီးစပ်သူတွေထံက  သိရပါတယ်။

“ရခိုင်ပြည်နယ်က လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား တယောက်မှ မပါဘူးဗျ။ ခိုးမှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှု၊ လောင်းကစားမှုနဲ့ လဝက ဥပဒေပုဒ်မတွေနဲ့ ထောင်ချထားသူတွေပဲ လွှတ်ပေးတာ။”လို့ ဒေသခံနိုင်ငံရေးသမားတဦးက ပြောပါတယ်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်တွေဖြစ်ကြတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင် စတဲ့ အကျဥ်းထောင်အသီးသီးက လွတ်ရက်စေ့ခါနီး အကျဉ်းသားစုစုပေါင်း ၃၀၇ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာပါ။

အဲဒီလို လွှတ်ပေးရာမှာ ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခို့င်တပ်တော်နဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချခံထားရသူတွေနဲ့ PDF အဖြစ် စွပ်စွဲခံရပြီး ထောင်ချခံထားရသူတွေ တယောက်မှ မပါဘူးလို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းမှ သိရပါတယ်။

ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ ကဗျာဆရာ ကိုအောင်နိုင်မြင့် (ခ) မင်းဒီပါ ရဲ့ အစ်မဖြစ်သူ မနန်းစိုးက “ကျမမောင်လေး ပါလာမလားဆိုပြီး မျှော်လင့်ချက်နဲ့ လာမျှော်နေခဲ့ပါတယ်။ လွတ်တဲ့အထဲမှာ ပါမလာပါဘူး။ စစ်ကောင်စီက သူတို့နာမည်ရရှိဖို့ ဟန်ပြလုပ်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်သာဖြစ်တယ်” လို့ပြောပါတယ်။

ကဗျာဆရာ ကိုအောင်နိုင်မြင့် (ခ) မင်းဒီပါကို စစ်ကောင်စီက PDF လို့ စွပ်စွဲကာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးအမှုဖွင့် တရားစွဲတင်ပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည) နဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ မြောက်ဦးမြို့တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုပြန်လွှတ်ပေးတဲ့အထဲမှာ စစ်တွေအကျဥ်းထောင်မှ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၄ ဦး၊ ကျောက်ဖြူအကျဥ်းထောင်မှ အမျိုးသား အယောက် ၂၀၊ အမျိုးသမီး ၄ ဦး၊ သံတွဲအကျဥ်းထောင်မှ အမျိုးသား ၁၄၅ ဦး၊ အမျိုးသမီး ၆၁ ဦး၊ ဘူးသီးတောင်အကျဥ်းထောင်မှ အမျိုးသား ၂၉ ဦး၊ စုစုပေါင်း အမျိုးသား ၂၃၈ ဦး၊ အမျိုးသမီး ၆၉ ဦး၊ အားလုံး ၃၀၇ ဦး လွှတ်ပေးခဲ့တယ်လို့ ပြည်နယ်အကျဥ်းဦးစီးဌာနရဲ့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013