DVB Logo
Home
မြန်မာသတင်း
စိန်ရတုလွတ်လပ်ရေးနေ့ အကျဉ်းသားပေါင်း ၇၀၁၂ ဦးကို လွတ်ငြိမ်းခွင့်ပေး၊ စာရေးဆရာမ သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦး၊ ဒေါက်တာ အာကာမိုးသူ၊ သူရဦးအောင်ကိုတို့ ပြန်လွတ်
DVB
·
January 4, 2023
စိန်ရတုလွတ်လပ်ရေးနေ့ အကျဉ်းသားပေါင်း ၇၀၁၂ ဦးကို လွတ်ငြိမ်းခွင့်ပေး၊ စာရေးဆရာမ သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦး၊ ဒေါက်တာ အာကာမိုးသူ၊ သူရဦးအောင်ကိုတို့ ပြန်လွတ်
1 / 3
Donate to DVB

၇၅  နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  နိုင်ငံတဝန်း အကျဉ်းထောင်တွေရှိ အကျဉ်းသား ပေါင်း ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဇန်နဝါရီ ၄ ရက်  နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့ လူမှုရေးအရ ငဲ့ညှာထောက်ထားတဲ့ အနေနဲ့လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်စေဖို့ ရှေးရှုတဲ့အနေနနဲလည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ပေါင်း  ၇၀၁၂ ဦးကို စစ်ကောင်စီ ခေါင်းဆောင်က ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခု ကျခံဖို့နဲ့ ကျန်တဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံဖို့ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုတာလို့လည်း  ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင်  လူသတ်မှု၊ မုဒိမ်းမှု၊ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု၊ အဂတိမှု စတဲ့ အမှုတွေကလွဲပြီး ကျန်တဲ့ ပြစ်မှုတွေနဲ့ ကျခံနေရသူတွေကိုလည်း ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ သက်သာခွင့် ပြုလိုက်တယ်လို့ သီးခြားထုတ်ပြန်ထားပါတယ်။

အင်းစိန်ထောင်ကနေ ဒီကမွန်းလွဲပိုင်း ပြန်လည် လွတ်မြောက်လာတဲ့နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးနဲ့ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာန ပါမောက္ခ ဆရာ​ ဒေါက်တာအာကာမိုးသူတို့ပါဝင်ပါတယ်။ 

စာရေးဆရာထင်လင်းဦး

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကတော့ မနေ့ည ၇ နာရီလောက်ကတည်းက လွှတ်ပေးလိုက်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်တဲ့ ရှေ့နေတယောက်ကပြောပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ၊ အနုပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ စတဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုတွေများစွာဟာ ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဝန်ကြီး သူရဦးအောင်ကို အဂတိလိုက်စားမှုစွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး ပရဟိတကူညီလုပ်ဆောင်မှုတွေနဲ့ လူသိများတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း ပုဒ်မ ၅၀၅-က နဲ့ ၂ဝ၂၁ ခုနှစ် အကုန်ပိုင်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ အကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်မြို့၊ အင်းစိန်ထောင် အပါအဝင် အကျဉ်းထောင်တွေမှာ မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း နိုင်ငံတဝန်းက အကျဉ်းသား အကျဉ်းသူ ၅,၇၀၀ ကျော်ကို ပြန်လွှတ်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲ ပါဝင်ခဲ့ပါတယ်။

လွတ်လပ်ရေးနေ့မှာ အကျဉ်းသားလွှတ်မယ်ဆိုတဲ့ သတင်းကြောင့် လာရောက် စောင့်ဆိုင်းသူတွေဟာ ရန်ကုန်မြို့တွင်းကအပြင် ရန်ကုန်မြို့ အနီးဝန်းကျင် မြို့တွေကပါ ကားစီးလုံးငှားပြီး ဒီနေ့မနက်ပိုင်းကတည်းက လာရောက် စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013