DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီနိုင်ငံထူထောင်လိုသည့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ဟု အမေရိကန် ဝန်ကြီးပြော
DVB
·
January 4, 2023
ဒီမိုကရေစီနိုင်ငံထူထောင်လိုသည့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ဟု အမေရိကန် ဝန်ကြီးပြော
Donate to DVB

အများပါဝင်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံထူထောင်လိုကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်နိုင်ငံက တသားတည်း ရပ်တည်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ပြောပါတယ်။

ဇန်နဝါရီ ၄ ရက် ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ကြေညာချက်တစောင် ထုတ်ပြန်ရာ မှာ ခုလိုပြောလိုက်တာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ ကတိကဝတ်ကို အမေရိကန် ပြည်ထောင်စုကိုယ်စား ထပ်လောင်းအတည်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မိမိတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်ပုံဖော်လိုကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည် ထောင်စုက ကာလရှည်ကြာကတည်းက အားပေးထောက်ခံလာခဲ့ကြောင်းနဲ့ အခုအခါ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတွက် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အဆီး အတားပြုနေတယ်လို့ ‌ဆိုပါတယ်။

ဒါပေမဲ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေက အများပါဝင်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံထူထောင်လိုကြတဲ့ မြန်မာပြည်သူတွေရဲ့ ပြင်းပြသော ကတိကဝတ်ကို တားဆီးနိုင်ခြင်းမရှိခဲ့ကြောင်းနဲ့ မိမိတို့နိုင်ငံအတွက်​ ဒီမိုကရေစီဆောင်ကြဉ်းဖို့ သံန္နိဋ္ဌာန်ချထားတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်နိုင်ငံက တသားတည်း ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်အဖွဲ့အစည်းက သူတို့ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ရမှာဖြစ်ကာ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ လူသားချင်းစာနာမှုအကူအညီတွေ အဆီးအတားမရှိ ပေးခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်မှန်ပြီးအများပါဝင်နိုင်တဲ့ ဒီမိုကရေစီပေါ်ထွန်းလာစေဖို့ လိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုရမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြားပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် လွတ်လပ်စစ်မှန်တဲ့ ဒီမိုကရေစီတိုက်ပွဲအတွက် မြန်မာပြည်သူလူထုတရပ်လုံးက ပါဝင်နေကြတဲ့ နွေဦးတော်လှန်ရေးဟာ အချိန် ၂ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည် ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနဲ့ ယူကရိန်းကို အကူညီပေးဖို့ပါဝင်တဲ့ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA  2023) ကို  အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးအတည်ပြုထားတာ ဖြစ်ပါတယ်။

၂၀၂၃ NDAA ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ The Burma Act of 2022 ကို ထည့်သွင်းအတည်ပြုထားပြီး မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေပမာဏအနေနဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် မနှစ်ကလိုပဲ ဒေါ်လာ ၁၃၆ သန်း ထောက်ပံ့ကူညီမယ်လို့သိရပါတယ်။

ဒီဥပဒေထဲမှာ NUG၊ NUCC၊ CRPH၊ CDM တွေအပြင် PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ တခြားအကူအညီတွေ ပေးဖို့လည်း ပါရှိပါတယ်။

၂၀၂၃ NDAA ဥပဒေကိုလွှတ်တော်က အတည်ပြုလိုက်တာဟာ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတ‌မှုရရှိရေးအတွက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ မဟာမိတ်အဖွဲ့ အစည်းတွေအားလုံးအတွက် အမေရိကန်အစိုးရရဲ့ အားပေးထောက်ခံတဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပြီး အခက်အခဲတွေကြား ရုန်းကန်နေကြရတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်နဲ့ အထောက်အပံဖြစ်စေမယ့်အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောထားပါတယ်။

ဒီဥပဒေအသက်ဝင်လာတဲ့အခါ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ EAO တွေနဲ့ PDF တွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေနဲ့ နည်းပညာအကူအညီတွေ၊ CDM စစ်မှုထမ်း ဟောင်းတွေ အတွက်အထောက်အပံ့တွေ၊  အသွင်ကူးပြောင်းမှုကာလ တရားစီရင်ရေးယန္တရားအတွက် အကူအညီတွေရစေမှာဖြစ်သလို စစ်တပ်ကို ဖိအားတွေပိုပေးနိုင်ဖို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

Photo-US Embassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013