DVB Logo
Home
မြန်မာသတင်း
မဆလအာဏာရှင် ဦးနေဝင်း အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့ရသူများအတွက် စစ်ခေါင်းဆောင် ဆုချီးမြှင့်
DVB
·
January 2, 2023
မဆလအာဏာရှင် ဦးနေဝင်း အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့ရသူများအတွက် စစ်ခေါင်းဆောင် ဆုချီးမြှင့်
1 / 6
Donate to DVB

(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဒု-စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့  မဆလ အာဏာရှင် ဦးနေဝင်းတို့ အပါအဝင် လူပုဂ္ဂိုလ်တွေကို  ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့် လိုက်ပါတယ်။

ဇန်နဝါရီ ၁ ရက်မနက်က နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်မှာ အခမ်းအနားနဲ့ ချီးမြှင့်အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အရေးအရာတွေမှာ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်ခဲ့ကြတဲ့ ခေတ်အဆက်ဆက်မှာ အမြင်တူခြင်း မတူခြင်း၊ မူဝါဒကွဲပြားခြင်း မကွဲပြားခြင်းတွေရှိပေမဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်တာဟာ တိုင်းပြည်လွတ်လပ်ရေးရရှိဖို့နဲ့ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့ရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသူတွေနဲ့ ဂုဏ်ပြုချီးမြှင့်ထိုက်တွေ အားလုံးကို ဂုဏ်ပြုချီးမြှင့် ပေးအပ်ခြင်းဖြစ်တယ်လို့ ဆုပေးပွဲမှာ စစ်ခေါင်းဆောင်ကပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ၇၄၄ ဦးထဲက ၂၀၆ ဦးတို့ကို ပထမနေ့အဖြစ် မနေ့က ချီးမြှင့်ခဲ့တာမှာ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင့် အဂ္ဂမဟာ သရေ စည်သူဘွဲ့ရတဲ့  နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း)ဦးနု(ကိုယ်စား)သမီး ဒေါ်သန်းသန်းနု၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးစန်းယု (ကိုယ်စား) သမီး ဒေါ်လဲ့လဲ့ယု၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး စောမောင် (ကိုယ်စား) သား ဦးသီဟစော တို့က ဂုဏ်ထူးဆောင်ဘွဲ့တွေ လက်ခံယူခဲ့ပါတယ်။

ဒါ့အပြင် အဂ္ဂမဟာသရေစည်သူ ဘွဲ့ရတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးနေဝင်း (ကိုယ်စား) သမီး ဒေါက်တာ ခင်စန္ဒာဝင်း၊ သတိုးမဟာသရေစည်သူဘွဲ့ရတဲ့ ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးသူရကျော်ထင် (ကိုယ်စား) ဦးသန့်ကျော်၊ မဟာသရေစည်သူဘွဲ့ရတဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးဗဆွေ (ကိုယ်စား) သမီး ဒေါ်နေရည်ဗဆွေ၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) သူရ ဦးထွန်းတင် (ကိုယ်စား)သား ဦးရဲမြင့်ထွန်း၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး အေးကို(ငြိမ်း) (ကိုယ်စား) မြေး ဒေါ်မေသက်ကျော်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ(ငြိမ်း) (ကိုယ်စား) သား ဦးဇော်ထွန်းနဲ့ ဒုတိယ ဝန်ကြီးချုပ်(ငြိမ်း) ဦးကျော်ငြိမ်း (ကိုယ်စား) သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့က ဆုလက်ခံယူကြပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှ ယနေ့အထိ အသက်ခန္ဓာနှင့်သွေးချွေးတွေ ပေးဆပ်ပြီး ထူးကဲစွာ ဆောင်ရွက်ခဲ့ကြတဲ့ဂ္ဂိုလ်တွေ၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာမှာ သက်စွန့် ကြိုးပမ်းထမ်းဆောင်ခဲ့သူတွေ၊ နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲရေးကဏ္ဍတွေမှာ ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ နယ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာတို့မှာ တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကိုဆုချီးမြှင့်တာလို့ဆိုပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုမှာ အသက်ခန္ဓာနဲ့ သွေးချွေးတွေပေးဆပ်ခဲ့သူတွေကို ဆုချီးမြှင့်တယ်လို့ စစ်ခေါင်းဆောင်ကပြောနေချိန်မှာ  လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်သူကို တော့ မတရားအမှုဆင် အပြစ်မရှိဘဲ  ထောင်ဒဏ် နှစ်ပေါင်း ၃၀ ကျော် ချမှတ်ပြီး ထောင်သွင်းအကျဉ်းချထားပါတယ်။  

တိုင်းပြည်စီးပွားရေးကျဆင်းပြီး ပြည်သူလူထု ဆင်းရဲကျပ်တည်းနေချိန်မှာ စစ်ခေါင်းဆောင်ဟာ သူ့အပေါ် ထောက်ခံမှုရဖို့အတွက်   အမေရိကန်  ဒေါ်လာ သန်း ၃၃ သန်းကျော်ပမာဏနဲ့ ညီမျှတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ်   ၇ ဘီလီယံကျော်အသုံးပြုပြီး ကိုယ့်ကိုယ့်ကိုယ် အပါအဝင် စစ်အုပ်စုနဲ့ ပနံသင့်သူတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေါပေါများများပေးအပ်နေတဲ့ အပေါ် အများပြည်သူရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013