
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) မောင်အေး အပါအဝင် သူ့အပေါင်းအပါ ဗိုလ်ချုပ်ဟောင်းတွေကို နှစ်ဆန်း ၁ ရက်နေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့တွေ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။
ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့် အပ်နှင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ရဲ့ ဩဇာခံတွေဖြစ်တဲ့ ဒုတိယသမ္မတ ညိုစောကို သုဓမ္မသင်္ဂဟဘွဲ့၊ မဟာသီရိသုဓမ္မဘွဲ့နဲ့ မဟာသရေစည်သူဘွဲ့၊ ဒုတိယသမ္မတ နန်းနီနီအေးကို သုဓမ္မသင်္ဂဟဘွဲ့နဲမဟာသီရိသုဓမ္မဘွဲ့၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခင်ရီကို မဟာသရေစည်သူဘွဲ့၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အောင်လင်းဒွေးကို မဟာသရေစည်သူဘွဲ့တွေ ချီးမြှင့်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ငြိမ်း) စိုးဦးကို သီရိပျံချီဘွဲ့၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး(ငြိမ်း) ဇော်ဝင်းကို ဝဏ္ဏကျော်ထင်ဘွဲ့ စတဲ့ဘွဲ့တွေကို အသီးသီး ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မောင်အေးကိုလည်း သတိုးမဟာသရေစည်သူဘွဲ့ ပေးအပ်ခဲ့ပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၄,၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့ပြီး တဖက်မှာလည်း သူ့အပေါင်းအပါ ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်ကြီးတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။










