
အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲ ပြီးတာနဲ့ ငွေကြေးဖောင်းပွမှု ပြန်ကျသွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၁၂ ရက်မှာ ကြိုတင်ခန့်မှန်း ပြောကြားလိုက်ပါတယ်။
“အခုဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုက ခဏတဖြုတ်ပါပဲ။ စစ်မဖြစ်ခင်က နောက်ဆုံး သုံးလအတွင်း ငွေဖောင်းပွမှု ၁ ဒသမ ၇ ရာခိုင်နှုန်းပဲ ရှိခဲ့တာ။ ဒီစစ်ပွဲပြီးတာနဲ့ ငွေဖောင်းပွမှု ၁ ဒသမ ၅ ရာခိုင်နှုန်း လောက်ထိ ကျသွားတာကို မြင်ရလိမ့်မယ်” လို့ ထရမ့်ပ်က တရုတ်နိုင်ငံကိုသွားမဲ့ ခရီးစဉ်အတွက် အိမ်ဖြူတော်ကနေ ထွက်ခွာလာချိန်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီလအတွင်း အမေရိကန်ရဲ့ လူသုံးကုန်စျေးနှုန်းတွေ ထပ်တက်လာခဲ့ပြီး တနှစ်တာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၃ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိ နေချိန်မှာ ထရမ့်ပ်က မှတ်ချက်ပေးခဲ့တာပါ။
အလုပ်သမားဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ လူသုံးကုန် စျေးနှုန်းညွှန်းကိန်း (CPI) အရ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် စွမ်းအင်စျေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာတာကို ပြနေပါတယ်။
ပြီးခဲ့တဲ့လက စားသောက်ကုန်စျေးနှုန်းတွေ အတော်လေးတက်ခဲ့သလို အိမ်ငှားခနဲ့ လေယာဉ် လက်မှတ်ခတွေအပါအဝင် ဝန်ဆောင်မှုကဏ္ဍတွေအထိပါ ငွေကြေးဖောင်းပွမှုဒဏ် သက်ရောက် လာခဲ့ပါတယ်။
Source: Reuters










