Home
ဆောင်းပါး
ခရစ္စမတ်လွန် တရက်သည် ၈၁ နှစ်မြောက် တပ်မတော်နေ့
မောင်တူး
·
December 30, 2022

တပ်မတော်နေ့ ၊ ၂၆ ဒီဇင်ဘာ ၁၉၄၁ 

လက်မောင်းသွေးဖောက်၊ ဝိုင်းစုသောက်

ဘန်ကောက်မြို့မှာ၊ တည်ထောင်ပါသည်

မြန်မာပြည်၏ တပ်မတော်။

တော်လှန်ရေးနေ့  ၂၇ မတ် ၁၉၄၅ 

လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်

တော်လှန်ပြည်လုံး၊ ပေါင်းစုရုံးသည်

မြန်မာပြည်၏ တော်လှန်ရေးနေ့။

လေးနှစ်ငယ်နေတဲ့သား

လေးဆယ့်တစ်မှာ၊ မွေးဖွားပါလည်း

သားလျာလေးအား၊ လေးဆယ့်ငါးဟု

လိမ်ထားမှုကား သမိုင်းမှားပင်။

၈၁ နှစ်သားစစ်တပ် ၂၆ ဒီဇင်ဘာ ၂၀၂၂  

နှစ်ဆယ့်ခြောက်မှာ၊ ဒီဇင်ဘာလ

နှစ်မှာလက်ရှိ၊ ကာလတည့်ဖြစ်

ရှစ်ဆယ့်တစ်နှစ်မြောက် တပ်မတော်နေ့။   

(မောင်တူး)

တပ်မတော်နေ့ဟာ ခရစ္စမတ်ပြီးတရက် ဒီဇင်ဘာ ၂၆ ရက် ၁၉၄၁ ခုနှစ်

“တပ်မတော်ဟာ မရှိတာပိုကောင်းတယ်။

 စစ်တပ်ဆိုတာကတော့ ရှိရမယ်။

ဒီနေ့ စကစ စစ်တပ်ကတော့ မရှိတာပိုကောင်းတယ်။”

ကချင်ခေါင်းဆောင်တဦးရဲ့ ဝါရှင်တန်ဒီစီ စစ်အာဏာရှင်သံရုံးရှေ့ ဆန္ဒပြပွဲမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ပြောကြားချက်ဖြစ်ပါတယ်။

အခု စာရေးနေဖြစ်တဲ့ အကြောင်းရင်းကိုက ကချင်လူမျိုးတွေ ဦးဆောင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ ဆန္ဒပြပွဲက အရင်းခံတာပါ။ KBC ကချင်ခရစ်ယာန်ဘုန်းတော်ကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးအပြီး အမေရိကန်ရောက် ကချင်၊ မြန်မာ၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေဟာ ဝါရှင်တန်ဒီစီမှာ ဆရာတော် လွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ကချင်ခေါင်းဆောင်တဦးက “စစ်တပ်ဟာ ကျနော်တို့တိုင်းရင်းသားတွေကို ခရစ်ယာန်တွေကို အမျိုးမျိုး ဖမ်းဆီးတယ်၊ နှိပ်စက်တယ်၊ သတ်ဖြတ်တယ်၊ ကျနော်တို့ ခရစ်ယာန်တင်မကဘူး၊ လွန်ခဲ့တဲ့ရက်ပိုင်းက TNLA ပလောင်ဒေသမှာ စစ်တပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ဖျက်ဆီးတယ်။ ဘုန်းတော်ကြီးတွေလည်း ထွက်ပြေးနေရတယ်။ ပြောချင်တာက တပ်မတော်၊ စစ်တပ်၊ စစ်ကောင်စီ၊ စစ်အုပ်စုတွေ၊ စစ်ခေါင်းဆောင်တွေဟာ ဆိုလို့ရှိရင် ပြည်သူလူထုအတွက် လုံးဝမကောင်းဘူး။ သူတို့ စစ်ဗိုလ်ချုပ်တွေ အကျိုးစီးပွားအတွက် ကာကွယ်နေတာသာဖြစ်တယ်။ စစ်တပ်ဆိုတာ တပ်မတော်ဆိုတာ ပြည်သူကို ကာကွယ်ရမှာပါ။ အခုက ပြည်သူကို မကာကွယ်ဘဲနဲ့ ပြည်သူကို သတ်နေတယ်။ တိုင်းပြည်ထဲက ဗုဒ္ဓဘာသာဝင်တွေပဲဖြစ်ဖြစ်၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ အကုန်လုံးကို ဒုက္ခပေးနေတယ်။ ဒါကြောင့် တပ်မတော်ဟာ မရှိတာက ပိုကောင်းတယ်။ စစ်တပ်ဆိုတာကတော့ ရှိရမယ်။ ဒီနေ့ စကစ စစ်တပ်ကတော့ မရှိတာပိုကောင်းတယ်။” လို့ ပြောသွားခဲ့ပါတယ်။

ဒီစကားကြားရတဲ့အချိန်ဟာ မြန်မာ့တပ်မတော်ကို စတင် လက်မောင်းသွေးဖောက် သောက်ကြပြီး တည်ထောင်ခဲ့တဲ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နဲ့လည်း တိုက်ဆိုင်နေတာပါ။ ပိုဆိုးတာကတော့ စစ်ကောင်စီ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို သတ်နေရုံ လိမ်နေရုံမက ကိုယ့်ကိုယ်ကိုလည်း လိမ်ထားတာဖြစ်ပါတယ်။ အဲဒါကတော့ တပ်မတော်စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ကို ဖျောက်ထားပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဆိုပြီး သတ်မှတ်ကျင်းပနေတာပါ။

တပ်မတော်စတင်ဖွဲ့စည်းသောနေ့တပ်မတော်နေ့

ဂျပန်နိုင်ငံမှာ စစ်ပညာသင်ယူပြီး ပြန်အလာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်များသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို လက်မောင်းသွေးဖောက် သစ္စာရေသောက်ကာ စုဖွဲ့တည်ထောင်ခဲ့ကြသည်။ သစ္စာဆိုပွဲ အခမ်းအနားကို ၂၆ ဒီဇင်ဘာ ၁၉၄၁ တွင် ဘန်ကောက်မြို့ရှိ မြန်မာမျိုးချစ်ရဲဘော်ကြီး ဦးလွန်းဖေ၏အိမ်တွင် ပြုလုပ်သည်။ ကြိုတင်ခေါ်ယူထားသော ယိုးဒယားဆရာဝန်တဦးက ဆေးထိုးပြွန်နှင့် ရဲဘော်တို့ထံမှ လက်မောင်းသွေးများကို ဖောက်ထုတ်ယူ၍ ငွေဖလားအတွင်းသို့ စုပေါင်းထည့်ပေးလေသည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်တေဇမှစ၍ အစဉ်အလိုက် ဖောက်ယူပြီး လူစေ့သွားသောအခါ သစ္စာဆိုကြရသည်။ သစ္စာဆိုရာ၌ (မြန်မာနိုင်ငံတော်ကြီး၏ လွတ်လပ်ရေးတိုက်ပွဲအတွက် ကိုယ်ကျိုးမဖက် အသက်စွန့်၍ ရဲဝံ့စွာ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း) သံပြိုင်ဆိုကြရသည်။ သစ္စာပြုပြီးသည်နှင့် ငွေဖလားအတွင်းမှ လက်မောင်းသွေးများကို ရဲဘော်များသည် သောက်လိုက်ကြသည်။ ထိုအခမ်းအနားသို့ ရဲဘော်သုံးကျိပ်ဝင်များအားလုံး စုံညီစွာ မတက်ရောက်နိုင်ပေ။ အချို့ရဲဘော်များမှာ စစ်သားစုဆောင်းရေးတာဝန် အတွက်လည်းကောင်း၊ အခြားဆောင်ရွက်ဖွယ် တာဝန်အရပ်ရပ်ကြောင့်လည်းကောင်း၊ ခရီးထွက်ကြရ၍ဖြစ်သည်။ မတက်ရောက်နိုင်သော ရဲဘော်များအတွက် ခေါင်းဆောင် ဗိုလ်တေဇက ကိုယ်စားပြု၍ သစ္စာပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်များဟာ တပ်မတော်အနေနဲ့ ထာဝရ စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ခံယူသွားရမယ့် အခြေခံမူကြီး (၄) ရပ်ကို ချမှတ်ပြဋ္ဌာန်းခဲ့ကြသည်။ မူကြီး (၄) ရပ်မှာ …

(၁) နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော်

(၂) ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့တပ်မတော်

(၃) နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော်

(၄) နိုင်ငံနဲ့ ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော်

ဖြစ်ရမည်ဟု တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြသည်။

ဘန်ကောက်မြို့မှာ စတင်စုဖွဲ့ခဲ့သော တပ်မတော်ကြီးသည် ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်တွင်းသို့ ရဲဘော်သုံးကျိပ်ဝင် အမျိုးသားသူရဲကောင်း စစ်ခေါင်းဆောင်ကြီးများက ဦးစီးကွပ်ကဲကာ ဂျပန်စစ်တပ်နဲ့အတူ မော်လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီစစ်ကြောင်း၊ အတွင်းသူပုန်တပ်ဖွဲ့စစ်ကြောင်းအဖြစ် အသီးသီးစုဖွဲ့ပြီး ၁၉၄၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ချီတက် ဝင်ရောက်ခဲ့သည်။ ကြည်းကြောင်းချီတပ်ဖွဲ့များက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ဆက်စပ်လျက်ရှိတဲ့ နယ်မြေဒေသများကို ဖြတ်သန်းချီတက်ကြရင်း ဒေသခံ မြန်မာတိုင်းရင်းသား သွေးချင်း မျိုးချစ်လူငယ်များကို စည်းရုံးသိမ်းသွင်းကာ တပ်မတော်ကြီးအား တိုးချဲ့ စုဖွဲ့ခဲ့ကြသည်။ ထို့ကြောင့်လည်း ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ထားဝယ်၊ မြိတ်မှ သွေးချင်းတိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

တပ်မတော်အတွက် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း

၁၃-၃-၁၉၄၄ မှာ ဗိုလ်သင်တန်းကျောင်းဆင်းပွဲတွင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း၌ “ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက တို့တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီနိုင်ငံအကျိုးကို ကာကွယ်ရမယ်။ တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတဦး တယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ ဒီတပ်မတော်ဟာ တဖွဲ့၊ တပါတီ၊ လူတစုအတွက် တည်ထောင်ထားတာမဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်” လို့ ပြောကြားခဲ့တယ်။

စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၅၅ ခုနှစ်ကစပြီး မတ်လ ၂၇ ရက်ကို တပ်မတော်နေ့လို့ ပြောင်းလဲခဲ့ပါတယ်။ သမိုင်းကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ပါ။ နွေဦးတော်လှန်ရေးအောင်မြင်မှသာ ဒီသမိုင်းအလွဲကြီးက ပြန်တည့်မတ်မှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက အကြမ်းဖက် စစ်အာဏာသိမ်းထားပြီး ပြည်သူတွေကို ဖမ်းနေ သတ်နေ မုဒိမ်းကျင့်နေ လုနေ ခိုးနေ လိမ်နေတဲ့ တပ်မတော်ဟာ သူ့မွေးနေ့ကိုတောင် လိမ်ထားသေးပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့ 27 March 1945

လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး တော်လှန်ခဲ့တဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ဟာ တပ်မတော်နေ့မဟုတ်ပါ။ ဖက်ဆစ်တော်လှန်ရေးမှာ ၁။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ၂။ ပြည်သူ့အရေးတော်ပုံပါတီ၊ ၃။ တပ်မတော် စတဲ့ ၃ ဖွဲ့ပေါင်း လုပ်ခဲ့ကြရာမှာ နိုင်ငံရေးခေါင်းဆောင်က ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ဖက်ဆစ်ကို စတိုက်ခဲ့သူများဟာ ကွန်မြူနစ်တွေ ဖြစ်ပါတယ်။ ရခိုင်ကွန်မြူနစ်အဖွဲ့ဖြစ်တဲ့ ဘုံပေါက်သာကျော်၊ ကိုညိုထွန်းတို့ ဦးဆောင် ရခိုင်ပြောက်ကျားတပ်တွေက ဂျပန်ကို စတိုက်ပါတယ်။ ရိုးမက သခင်သန်းထွန်းခေါင်းဆောင် ကွန်မြူနစ်ပြောက်ကျားတွေက ထပ်တိုက်ပါတယ်။ မန်းဝင်းမောင် ခေါင်းဆောင် ကရင်ပြောက်ကျားတွေကလည်း တိုက်လာပြီးတော့မှ တပ်မတော်က ဗိုလ်မှူးကြီးဗထူး ဦးဆောင်တိုက်တော့တာပါ။ ကွန်မြူနစ်တွေ တိုင်းရင်းသားတွေက တပ်ဦးက စတင်ခဲ့တာပါ။ တပ်မတော်ဟာ အမှတ်ပိုယူပြီး တလုံးပိုရှူပြီး တော်လှန်ရေးနေ့ကို လုယူထားပြီး တပ်မတော်နေ့ လုပ်ထားတာကတော့ .....။

လေးနှစ်ငယ်နေတဲ့ သားလေးဖိုးဆယ်

၁၉၄၁ က စဖွဲ့ခဲ့တဲ့ တပ်မတော်ဟာ အခု ဒီဇင်ဘာ ၂၆ မှာ ၈၁ နှစ် ပြည့်ပါပြီ။ စစ်တပ်က ကျင်းပနေသလို ၁၉၄၅ မတ်လ ၂၇ နဲ့ တွက်ရင်တော့ ၇၆ နှစ်ပေါ့။ ၄ နှစ် ပိုငယ်သွားပါတယ်။

ကျနော်တို့ရွာမှာ ဦးခင်မောင် ဆိုတဲ့လူကြီးရှိတယ်။ သူ့ကို မွေးစက မိဘတွေဆင်းရဲတော့ အာဟာရ မပြည့်ရှာဘူး။ ၄ နှစ်သားထိ ချူချာတယ်။ ဒါကြောင့် ရွာဦးကျောင်းဆရာတော်က ၄ နှစ်သားမှာ သူ့ကို ၁၀ ပြားပေးပြီး ဝယ်လိုက်တယ်။ အဲ့သည်တုန်းက ၁၀ ပြားဟာ မုန့်ဟင်းခါး ၁၀ ပန်းကန် ဝယ်စားလို့ရသတဲ့။ သူ့နာမည်ကို ခင်မောင်က‌နေ ဖိုးဆယ်လို့ပြောင်းတယ်။ ဘုန်းကြီးကျောင်းမှာ ကောင်းကောင်းစားရတော့ ကျန်းမာရေးကောင်းလာတယ်။ ဖိုးဆယ်ရဲ့ မွေးနေ့ကလည်း သူ ၄ နှစ်သားက စတွက်ထားတာပေါ့။ ဒါကြောင့် သူ့အသက်ဟာ သူ့ကို စမွေးတဲ့အချိန်နဲ့ အမြဲ ၄ နှစ် ငယ်နေတာပေါ့။ ဒါပေမဲ့ သူ အသက်ကြီးလို့ ကျန်းမာရေးဆိုးတဲ့အခါ ယတြာချေတော့ မူရင်း ၄ နှစ်ကြီး မွေးနေ့ လ ရက်နဲ့ ဗေဒင်တွက် ယတြာချေမှသာ သူ့ရောဂါပျောက်သတဲ့။

၈၁ နှစ်သားစစ်တပ် အပြုတ်တိုက်ခံနေရပြီ ၂၆ ဒီဇင်ဘာ ၂၀၂၂  

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် (နှစ်စဉ် ခရစ္စမတ်ပြီး ၁ ရက်) ဟာ ၈၁ နှစ်မြောက် တပ်မတော်နေ့ပါ။ မှေးမှိန်အောင်လုပ်ထားကြတော့ သတိထားမိသူ နည်းပါးပါတယ်။ ဒီမိုကရေစီရမှပဲ ဒီသမိုင်းက ထင်ရှားလာမှာပါ။ ဒါပေမဲ့လည်း ကချင်ခေါင်းဆောင်တဦး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ပြောခဲ့သလို ဒီတပ်မတော်ဟာ မရှိသင့်တော့ပါဘူး။ အဟောင်းဖြိုထုတ် အသစ်လုပ်ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့

(၁) နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော် မဟုတ်တော့

ပြည်သူကိုသတ်နေပြီ။

(၂) ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့တပ်မတော် မဟုတ်တော့

ပြည်သူ့ကိုယ်စားလှယ်တွေကို ဖမ်းနေ သတ်နေပြီ

(၃) နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော် မဟုတ်တော့

(၄) နိုင်ငံနဲ့ ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော်လည်း မဟုတ်တော့တဲ့အတွက် ပြည်သူတွေက ဒီတပ်မတော်ကို မရှိစေချင်တော့ပါပြီ။ မရှိစေချင်လို့ပဲ ပြည်တွင်းပြည်ပ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးက ရရာလက်နက်ရှာပြီး (မရရင်လည်း ရသလိုစုပြီး ကံစမ်းမဲတွေဖောက် လေလံတွေတင် ဂီတပွဲတွေလုပ် ဘောလုံးပွဲတွေလုပ် အလှူတွေခံပြီး) အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို နေရာတိုင်းမှာ ပုံစံမျိုးစုံ နည်းနာမျိုးစုံနဲ့ တိုက်နေကြပါပြီ ခင်ဗျာ။    

မောင်တူး

ကိုးကား။

မြန်မာ့စွယ်စုံကျမ်း

ရဲဘော်သုံးကျိပ်မော်ကွန်း (တက္ကသိုလ်စိန်တင်)

၁၉၄၅-မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024