
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ကျေးရွာ ၂ ရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် မန်ကျည်းလေးပင်ရွာကို ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ကန်နီရွာက ပျူစောထီး အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းက ဦးသန်းမြင့်ရဲ့ နေအိမ်က စတင်ပြီး ရွာအနောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေကနေ စတင် မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ မန်ကျည်းလေးပင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ရွာရဲ့အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ စစ်ကောင်စီစစ်ကြောင်းက ကင်းပုန်းတွေချထားလို့ ရွာထဲကိုဝင်ပြီး မီးငြှိမ်းသတ်လို့မရကြောင်း၊ အိမ်ခြေ ၁၅၀ ရှိတဲ့ရွာကို ဒုတိယကြိမ်မြောက် မီးရှို့ဖျက်ဆီးတာဖြစ်ပြီး အိမ်ခြေဘယ်လောက် လောင်ကျွမ်းတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီကနေတဆင့် စစ်ကောင်စီစစ်ကြောင်းဟာ အိမ်ခြေ ၁၂၀ လောက်ရှိတဲ့ ကန်နက်ကျေးရွာကိုလည်း တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြပြီး အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် မန်ကျည်းလေးပင်၊ ကန်နက်၊ အိုးဘိုရွာနဲ့ မြိုင်မြို့နယ် မြောက်ပိုင်းက ကျေးရွာတချို့က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေက အိမ်ခြေ ၇,၈၁၈ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။