
စစ်အာဏာရှင်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ တွန်းအားပေးခဲ့တယ်လို့ ဝါဒဖြန့် ပြန်ကြားရေးဌာနက ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မနေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမမှာ တွေ့ဆုံတာဖြစ်ပြီး ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်တွေအနေနဲ့ ဒေသခံပြည်သူတွေနဲ့ ၁၄ ကြိမ်မြောက် တွေ့ဆုံ ရှင်းလင်းတာလို့ ဆိုပါတယ်။
တွေ့ဆုံရာမှာ စစ်အာဏာရှင်ရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒီတွေ့ဆုံပွဲဟာ ဒေသတွင်း လျှပ်စစ်မီး လိုအပ်ချက်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါကြောင်း၊ နောင်လာမဲ့ မျိုးဆက်သစ်တွေ လက်ထက်မှာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေရနိုင်မဲ့ စီမံကိန်းဖြစ်တာကြောင့် အားလုံးက ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်ကြဖို့ ပြောပါတယ်။
ပြီးတော့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စစ်အာဏာရှင်ရဲ့ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ဦးတူးရိန်၊ ဦးမုန်ရိန်လ၊ ဦးနော်ထွဲနဲ့ ဦးဂျန်ခုန့်(ခ)ဦးနော်ခုန့် တို့ကလည်း ကမ္ဘာပေါ်က ရေအားလျှပ်စစ်သုံးတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ အနာဂတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စွမ်းအင်လိုအပ်ချက်တွေ၊ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ နည်းပညာဆိုင်ရာ အချက်အလက်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေကို ပြောဆိုကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲကို စစ်အာဏာရှင်ရဲ့ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေ၊ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်တွေ၊ Working Group အဖွဲ့ဝင်တွေ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ သူနာပြုနဲ့ ပညာရေးဒီဂရီကောလိပ်ကျောင်းတွေက သင်တန်းသား သင်တန်းသူတွေ၊ စုစုပေါင်း ၇၆၀ ကျော် တက်ရောက်ကြတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ကြိုးစားနေပြီး လျှပ်စစ်စီမံကိန်းတွေကို ပြန်သုံးသပ်ကြဖို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးခင်ကမှ ပြောခဲ့သလို စစ်အာဏာရှင်ရဲ့ဝန်ကြီး တရုတ်ပြည်ကို သွားတဲ့အချိန်မှာလည်း မြန်မာနိုင်ငံမြောက်ပိုင်းက ရေအားလျှပ်စစ်စီမံကိန်းတွေအတွက် ကြိုလုပ်စရာတွေကို လုပ်ထားဖို့ တရုတ်ကုမ္ပဏီတွေက မှာလိုက်ပါတယ်။










