DVB Logo
Home
မြန်မာသတင်း
၂၀၂၂ ခုနှစ်သည် ရိုဟင်ဂျာများအတွက် အသေအပျောက်အဆိုးဆုံးနှစ်ဖြစ်နိုင်ဟု UNHCR ပြော
DVB
·
December 28, 2022
၂၀၂၂ ခုနှစ်သည် ရိုဟင်ဂျာများအတွက် အသေအပျောက်အဆိုးဆုံးနှစ်ဖြစ်နိုင်ဟု UNHCR ပြော
Donate to DVB

၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံး လူအသေအပျောက် အများဆုံးနှစ် ဖြစ်တယ်လို့  ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာမူစလင် ၁၈၀ ပါ စက်လှေတစ်စီး ပင်လယ်ထဲမှာ နစ်မြုပ်ခဲ့တယ်လို့ ယူဆရကြောင်းလည်း UNHCR တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ ဖြိုခွင်းနှိပ်ကွပ်မှုတွေမှုကြောင့် မြန်မာနိုင်ငံက ထွက်ပြေးခဲ့ရသူတွေအပါအဝ် ရိုဟင်ဂျာ မူစလင် ဒုက္ခသည် ၁ သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည့်သိပ်ကြပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကနေ နိုဝင်ဘာလကုန်မှာ စတင်ထွက်ခွာလာခဲ့တဲ့ ရိုဟင်ဂျာ ၁၈၀ ပါ စက်လှေတစ်စီးဟာ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေပြီး စက်လှေပေါ်ပါ အယောက် ၁၈၀ လုံး သေဆုံးခဲ့ကြပြီလို့ယူဆကြောင်း၊ ပင်လယ်ဖြတ်ကူးနိုင်အောင်ခံနိုင်ရည်မရှိတဲ့ အဲဒီစက်လှေဟာ အဆက်အသွယ်မပြတ်ခင် ဒီဇင်ဘာလအစောပိုင်းတည်းက စတင်ကွဲအက်နေတာဖြစ်နိုင်တယ်လို့ UNHCR က ပြောပါတယ်။

အဲဒီစက်လှေဟာ ဘယ်နေရာကနေ စတင်ထွက်ခွာခဲ့တယ်ဆိုတာ မသေချာဘူးလို့ ကုလသမဂ္ဂအေဂျင်စီက ပြောပေမယ့် မိသားစုဝင်လေးဦးပါသွားလို့ ဆုံးရှုံးရမှာ စိုးရိမ်နေသူ တဦးအပါအဝင် ရိုဟင်ဂျာအမျိုးသား သုံးဦးကတော့ အဲဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်ကနေထွက်ခွာခဲ့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့ Bangkok Post သတင်းက ရေးပါတယ်။

အခုနှစ်အတွင်း ပင်လယ်ပြင်မှာ သေဆုံးခဲ့သူ ဒါမှမဟုတ် ပျောက်ဆုံးခဲ့သူ ရိုဟင်ဂျာ အယောက် ၂၀၀ နီးပါး ရှိခဲ့ပြီးဖြစ်ပြီး အဲဒီပျောက်နေတဲ့ ၁၈၀ ဟာ တစ်နေရာရာမှာ အသက်ရှင်လျက်ရှိနေမှာပါဆိုတဲ့ မျှော်လင့်ချက် မှန်ကန်ပါစေလို့ပဲ ဆုတောင်းနေရတယ်လို့ UNHCR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘဘာဘလော့ချ်က ပြောပါတယ်။ 

ရရှိခဲ့တဲ့ အချက်အလက်တွေအပေါ် UNHCR ရဲ့ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၃ ခုနှစ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ သေဆုံးခဲ့သူ သို့မဟုတ် ပျောက်ဆုံးခဲ့သူ ရိုဟင်ဂျာ ၉၀၀ နီးပါးရှိပြီး ၂၀၁၄ ခုနှစ် အတွင်းမှာတော့ ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

၂၀၁၃ နဲ့ ၂၀၁၄ နောက်ပိုင်း ပင်လယ်ပြင်အတွင်း သေဆုံးမှု သို့မဟုတ် ပျောက်ဆုံးမှုအများဆုံးဟာ ၂၀၂၂ ခုနှစ်ဖြစ်တယ်လို့ ဘလော့ချ်က ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြသူတွေရဲ့ အရေအတွက်ဟာလည်း ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင်က အချိန်တွေမှာရှိခဲ့တဲ့ အရေအတွက်ကို ပြန်ရောက်လာပြီလို့ ဆိုပါတယ်။

လူပေါင်း ၂၄၀၀ ကျော် ပင်လယ်ကိုဖြတ်ကူးခဲ့ကြပြီး ၂၀၀ ကျော် သေဆုံးသို့မဟုတ် ပျောက်ဆုံးခဲ့ရတဲ့ ၂၀၂၀ ပြည့်နှစ်က အရေအတွက်လောက်ကို ပြန်ရောက်လာပြီလို့ ဆိုပါတယ်။

အခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ကနေ စက်လှေတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်ကူးခဲ့ကြတဲ့ ရိုဟင်ဂျာတွေရဲ့ အရေအတွက်ဟာ အရင်နှစ်ကနဲ့ ယှဉ်ရင် ငါးဆ လောက်တက်လာခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။

အခုပျောက်ဆုံးနေတဲ့ စက်လှေဟာ ဘယ်နေရာမှာ ပျောက်ဆုံးသွားတယ်ဆိုတာကို မသိရသလို ရိုဟင်ဂျာဒုက္ခသည်တွေ သွားရောက်လိုတဲ့ အရှေ့တောင်အာရှနိုင်ငံမှာ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်တွေဖြေလျော့ပေးလိုက်တာကြောင့်ပဲ ရိုဟင်ဂျာတွေ အခုလို ပင်လယ်ဖြတ်ကူးဖို့ ဖြစ်လာတာလားဆိုတာလည်း မသေချာဘူးလို့ ဘလော့ချ်က ပြောပါတယ်။ 

အခု ပျောက်ဆုံးနေတဲ့ စက်လှေမှာ အသက် ၁၂ နှစ်အရွယ် သမီးတစ်ယောက်၊ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်အရွယ် သားနှစ်ယောက်တို့နဲ့ အတူ ဇနီးသည်တို့လည်း လိုက်ပါခဲ့ကြတယ်လို့ မလေးရှားနိုင်ငံရောက် အသက် ၃၈ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ယောက်ကပြောပါတယ်။

“သူတို့က အသက်ဘေးကနေလွတ်အောင် ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကို ပြေးခဲ့ကြရတာပါ။ အခုတာ့ သူတို့အားလုံးမရှိတော့ဘူး။ ကျနော် အရမ်းဝမ်းနည်းစိတ်ပျက်မိတယ်။ ကျနော်တို့ ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်မှာရော၊ မြေပြင်မှာရော ဘယ်နေရာမှာဖြစ်ဖြစ် သေတဲ့အထိ ပစ်ထားခံကြရတယ်။”

အခုလရဲ့ အစောပိုင်းမှာလည်း ပင်လယ်ထဲမှာ အစာရေပြတ်လပ်ကာ ငတ်မွတ်သေဆုံးခဲ့ရသူ အယောက် ၂၀ လောက်ရှိတယ်လို့ မြန်မာရိုဟင်ဂျာအရေးလှုပ်ရှားသူ အဖွဲ့အစည်း နှစ်ခုက ပြောပါတယ်။

အသက်အန္တရာယ်များပြားလွန်းတဲ့ ရေလမ်းခရီးမှာ တချို့စက်လှေတွေဟာ လိုရာကမ်းကပ်နိုင်ခဲ့ကြသလို့ တချို့စက်လှေတွေကို ပင်လယ်ပြင်မှာ ကယ်တင်နိုင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဒေသခံလူမှုရေးအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးဘဆာနယ်မြေမှာ စက်လှေနဲ့ ကမ်းကပ်လာတဲ့ ရိုဟင်ဂျာ ၅၇ ယောက်ကို ကုန်းပေါ်ရောက်အောင် ကယ်တင်နိုင်ခဲ့ကြတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) က ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားတွေချည်းသာပါလာတဲ့ အဲဒီလှေဟာ ဘင်္ဂလားဒေ့ရှ်ကနေထွက်ခွာလာခဲ့ပြီး ပင်လယ်ထဲမှာ တစ်လလောက် မျောနေခဲ့တယ်လို့ ယူဆရကြောင်း IOM က ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၂၃၀ သယ်ဆောင်လာတဲ့ စက်လှေနှစ်စီးဆိုက်ကပ်ခဲ့ပြီး အခုလဆန်းမှာလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ မျောနေတဲ့ ရိုဟင်ဂျာ ၁၀၄ ယောက်ပါစက်လှေကို သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့ရသလို ရေပုံးခွံကို တွယ်ကာ ပင်လယ်ထဲမှာမျောနေတဲ့ ရိုဟင်ဂျာ ၆ ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ကယ်တင်ခဲ့ရပါတယ်။

မလေးရှားကနေ ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်လာခဲ့တဲ့ ခေါင်းဆောင်ဟောင်း မိုဟာမက်အင်မရန်က “ဒုက္ခသည်စခန်းမှာနေရတဲ့ ဘဝကဘာမှ ရေရာမှုမရှိဘူး၊ သူတို့ အိမ်ကိုပြန်ရမယ့် မျှော်လင့်ချက်ကလည်း ဝေးနေတုန်းပါပဲ”လို့ပြောကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည် ရှာဖစ်ရာမန်ကတော့ “မြန်မာနိုင်ငံကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို ဒုက္ခသည်တွေအဖြစ် ကျနော်တို့ ရောက်လာတယ်။ ကျနော်တို့က ဘင်္ဂါလီစာလည်း မတတ်ဘူး။ ဘင်္ဂလားဒေ့ရှ်က ကျနော်တို့ကို ထောက်ပံ့ကူညီပေးထားရာကနေ ပိုကောင်းတဲ့ ဘဝရချင်လို့ အင်ဒိုနီးရှားကို စက်လှေနဲ့ လာခဲ့ကြတာ” လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်က အာချေးဒေသကို ရိုဟင်ဂျာ ၁၇၄ ယောက်သယ်ဆောင်လာတဲ့ စက်လှေတစ်စီးဆိုက်ကပ်လာခဲ့ပါတယ်။ နောက်ထပ် ရိုဟင်ဂျာ အယောက် ၂၀ ကျော်ကတော့ ပင်လယ်ထဲမှာ သေဆုံးခဲ့တယ်လို့ သိရကြောင်း UNHCRက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် စမူဆာခါတွန်က  “ကျမတို့ မိဘတွေက ဆုံးသွားကြပြီ၊ ပြီးတော့ ကျမတို့ အိမ်ထောင်လည်းပြုလို့မရ၊ ပညာလည်းသင်မရဆိုတော့ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်လာကြတာပါ။ ဆင်းရဲလွန်းလို့ ဒီကိုလာခဲ့ကြတာပါ” လို့ ပြောပြပါတယ်။

အခုဆိုက်ကပ်လာတဲ့ စက်လှေဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့က နစ်မြုပ်ခဲ့တယ်လို့ သတင်းရရှိခဲ့တဲ့စက်လှေ ဟုတ်မဟုတ် အတည်ပြုဖို့ အာဏာပိုင်တွေ ဆောင်ရွက်နေဆဲဖြစ်ကြောင်း UNHCR ရဲ့ ဒေသခံဝန်ထမ်းက ပြောပါတယ်။

UNHCR အမှုထမ်း မူဟာမက်ရာဖ်ကီစယုကရီက “ဒီစက်လှေက နစ်သွားတယ်ဆိုတဲ့ လှေ ဟုတ် မဟုတ် သေချာမသိသေးဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တိုက်ဆိုင်စစ်ဆေးရဦးမှာ။ ဒေသခံအစိုးရ၊ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ဆက်သွယ်နေပါတယ်။ တစ်ခုခုထူးခြားရင်လည်း အစိုးရကို သတင်းလှမ်းပို့မှာပါ” လို့  ပြောပါတယ်။

ရိုဟင်ဂျာတွေကို ထောက်ပံ့ကူညီပေးနေတဲ့ အာရကန်ပရောဂျက်မှာ လုပ်ကိုင်နေတဲ့ ခရစ်လေဝါ ကတော့ ဒါဟာ နစ်သွားပြီလို့သိထားခဲ့တဲ့ စက်လှေပဲဖြစ်ကြောင်း ပြောပါတယ်။ 

အခုစက်လှေကတော့ ဒီရက်သတ္တပါတ်တွေအတွင်း ဒေသတွင်းမှာ ဆိုက်ကပ်လာခဲ့တဲ့၊ ကူညီကယ်ဆယ်ခြင်းခံခဲ့ရတဲ့ စက်လှေတွေထဲမှာ နောက်ဆုံးရောက်လာတဲ့စက်လှေဖြစ်ပါတယ်။

ပင်လယ်ပြင်ငြိမ်သက်တဲ့ နိုဝင်ဘာလနဲ့ ဧပြီလအတွင်း ကာလတွေမှာ ထိုင်းနိုင်ငံနဲ့ မူစလင်အများစုနေထိုင်ရာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ခိုလှုံဖို့ ရိုဟင်ဂျာတွေက စက်လှေတွေနဲ့ သွားရောက်ကြခဲ့ကြတာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Ref- Bangkok Post/Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013