
မြန်မာနိုင်ငံမှာ ဘေးကင်းလုံခြုံမှုမရှိသေးလို့ နေရပ်ပြန်မပို့ဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေတဲ့ကြားက မလေးရှားနိုင်ငံကနေ ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးဟာ အောက်တိုဘာ ၄ ရက်က ရန်ကုန်ကို ပြန်ရောက်လာပါတယ်။
အမျိုးသမီး ၈၆ ယောက်အပါအဝင် ပြန်လည်ရောက်ရှိလာသူတွေဟာ မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်မှုနဲ့ တခြား လဝက ဥပဒေချိုးဖောက်မှုတွေကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူတွေဖြစ်တယ်လို့ စစ်အာဏာရှင်ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ကို စက်တင်ဘာ ၂၉ ရက်မှာ ရေတပ်က စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)၊ စစ်ရေယာဉ်(ဆင်ဖြူရှင်) စုစုပေါင်း သင်္ဘော ၃ စင်းနဲ့ မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းကနေ တင်ဆောင်လာတာဖြစ်ပြီး အောက်တိုဘာ ၄ ရက်မှာ ရန်ကုန် အမှတ်(၃)ဆိပ်ခံတံတား (သီလဝါ)ကို ရောက်ရှိလာတာပါ။
မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အဆိုပါ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံရှိ လဝက ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ ၁၀,၃၈၈ ယောက် အနက်မှ အသုတ်လိုက်ခွဲပြီးပြန်ပို့မဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ထဲမှာ ပထမအသုတ်ဖြစ်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ အခုလို မြန်မာနိုင်ငံသားတွေကို ပြန်ပို့တဲ့အပေါ် ဝေဖန်ခဲ့ကြပြီး မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ မတည်ငြိမ်သေးဘဲ ပြန်လည်ရောက်ရှိသူတွေဟာ စစ်ဖြစ်နေတဲ့ဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်ခံရမှာနဲ့ အဓမ္မစစ်မှုထမ်းခိုင်းခံရမှာကို ရင်ဆိုင်ရနိုင်တယ်လို့ စိုးရိမ်နေကြတာပါ။
မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီကာရီက “အပြည်ပြည်ဆိုင်ရာ ဥပဒေအရ မလေးရှားအစိုးရဟာ ညှဉ်းပန်းနှိပ်စက်မှု ဒါမှမဟုတ် တခြား ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမှန်တကယ် ရင်ဆိုင်ရနိုင်ခြေရှိတဲ့ အခြေအနေတွေဟာ ပြည်နှင်ဒဏ်မပေးရေးမူဝါဒကို လိုက်နာဖို့နဲ့ ပုဂ္ဂိုလ်တွေကို ပြန်လည်မပို့ဆောင်ဖို့တာဝန်ရှိပါတယ်”လို့ အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။
ပြန်လည်ရောက်ရှိလာသူတွေထဲမှာ UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူတွေနဲ့ ရိုဟင်ဂျာတွေ ပါဝင်ခြင်း ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အေပီသတင်းဌာနကို ပြောကြားရာမှာတော့ အခု ပြန်ပို့လိုက်သူတွေဟာ နိုင်ငံသားအစစ်အမှန်တွေသာ ပါဝင်တယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ UNHCR မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၆၀၀ လောက်ရှိပြီး ဒီအထဲမှာ ရိုဟင်ဂျာ ၁၂၆,၀၀၀ လောက် ပါဝင်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၇ ရက်နေ့ မလေးရှားနိုင်ငံကို သွားရောက်မဲ့ ခရီးစဉ်မှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေး ကိစ္စရပ်တွေကို ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား ၁,၀၀၀၀ နီးပါးကို နေရပ် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့တယ်လို့ စစ်အာဏာရှင်ပြန်ကြားရေးက အောက်တိုဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံသား ၈,၀၄၁ ယောက်ကို လေယာဉ်တွေနဲ့ ပြန်ခေါ်ခဲ့သလို အခုတခေါက် မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ကို စစ်သင်္ဘာနဲ့ ပြန်ခေါ်ခဲ့ကာ ပြန်ခေါ်ခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း အရေအတွက်မှာ ၉,၅၁၇ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
နေရပ်ပြန်လာသူတွေ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိချိန်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေက ဝမ်းမြောက် ဝမ်းသာကြိုဆိုခဲ့ကြပြီး UID ကတ်တွေ ဆောင်ရွက်ပေးနေတယ်လို့ လည်း စစ်အာဏာရှင် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။










