ကွာလာလမ်ပူရှိ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR ရုံး အပြင်ဘက်မှာ စုဝေးနေတဲ့ ရိုဟင်ဂျာမွတ်စလင် ခိုလှုံခွင့်တောင်းခံသူ ၁၀၀ ကျော်ကို မလေးရှားအာဏာပိုင်တွေက ဇူလိုင် ၂၇ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
UNHCR ရုံးရှေ့မှာ ရောက်နေတဲ့ ဒုက္ခသည်အားလုံးကို သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ဒေသစံတော်ချိန် ည ၈ နာရီခွဲလောက်မှာ ရဲကား ၄ စီးနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ အခင်းဖြစ်နေရာက ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။
ရိုဟင်ဂျာတွေကတော့ သူတို့ဟာ သူတို့ရဲ့နေအိမ်တွေကနေ နှင်ထုတ်ခံရပြီးနောက်မှာ အကာအကွယ် ရှာဖွေနေတာဖြစ်ကြောင်း ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ တနင်္လာနေ့ အစောပိုင်းမှာ ကွာလာလမ်ပူရှိ UNHCR ရုံးရှေ့ကို ရောက်လာတာဖြစ်ပေမဲ့ ညနေ ၇ နာရီအထိ စောင့်နေတာတောင် ဘယ်အာဏာပိုင်တွေဆီက ဘာအကူအညီမှ မရခဲ့ဘူးလို့ ပြောပါတယ်။
သူတို့မှာ သောက်ရေရော ထမင်းရော မရရှိတဲ့အပြင် အိမ်သာကိစ္စ ခွင့်ပြုပေးဖို့ အာဏာပိုင်တွေကို တောင်းပန်ခဲ့တာတောင် မနက်ကတည်းက အခုအထိ ဘာမှ နားထောင်မပေးကြဘူးလို့ ရိုဟင်ဂျာဒုက္ခသည် ဆေယဒ် ကာဆင်မ်က ပြောပါတယ်။
မလေးရှားမြောက်ပိုင်း ပီနန်းပြည်နယ် ကွာလာမူဒါဒေသမှာရှိတဲ့ သူတို့ရဲ့ နေအိမ်တွေကနေ ဒေသခံတွေဟာ ဇူလိုင် ၂၆ ရက်မှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ပါဝင်တဲ့ အဲဒီဒုက္ခသည်တွေကို နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေက သူတို့ကို အိမ်ငှားနေထိုင်ခွင့်ပါ လုံးဝ ပိတ်ပင်ခဲ့တာကြောင့် တခြားနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ရေး UNHCR ဆီက အကူအညီတောင်းဖို့ မြို့တော်ဆီကို ညဘက် ဘတ်စ်ကားတွေနဲ့ ထွက်ခွာလာကြတာလို့ ဒုက္ခသည် ဟွတ်စနူးလ် ဘင်ဟူစိန်က ပြောပါတယ်။
ဒုက္ခသည် အူးမား ဟားရစ်က "ဒီမှာ ကာလရှည်ကြာ နေထိုင်ခဲ့ပေမဲ့ ဘာပြဿနာမှ မရှာခဲ့ဘူး၊ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ဘာကြောင့် အခုလို နှင်ထုတ်ခံရလဲဆိုတာ မသိပါဘူး" လို့ ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ဘတ်စ်ကားတွေနဲ့ လာရောက်ချိန် လမ်းခရီးမှာ လုံခြုံရေးအစောင့်အရှောက်နဲ့ ပို့ဆောင်ပေးခဲ့မဲ့ UNHCR ရုံးကို ရောက်ရှိချိန်မှာ တာဝန်ရှိသူတယောက်မှ မရှိတဲ့အပြင် ရုံးရှေ့မှာ ဆက်လက်နေထိုင်ခွင့်ပါ ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို နှင်ထုတ်မှုတွေဟာ မေလကတည်းက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းပေါ်မှာ အမုန်းစကားတွေနဲ့ သတင်းအမှားတွေ ပျံ့နှံ့မှု မြင့်တက်လာခဲ့တာကြောင့် ဖြစ်ပြီး ရိုဟင်ဂျာ အသိုက်အဝန်းအပေါ် နှောင့်ယှက်မှုတွေနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ ပိုများလာကာ စာသင်ကျောင်းတွေကိုပါ အများအပြား ပိတ်ပစ်ခဲ့ရပါတယ်။
UNHCR ရုံးရှေ့မှာ လာရောက်စုဝေးမှုဟာ ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး တရားဝင် ခွင့်ပြုချက်မရှိဘဲ နေထိုင်သူ ဘယ်သူမဆို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရမယ်လို့ သတိပေးခဲ့ပါတယ်။
Source: Reuters










