
ကိုလံဘီယာ နိုင်ငံအနောက်ပိုင်းမှာ ဧပြီ ၂၅ ရက်က ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်မှုတခုအတွင်း လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး ၃၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အာဏာပိုင်တွေက FARC သူပုန် ပြောက်ကျားအဖွဲ့နဲ့ သဘောထားကွဲလွဲသူတွေကို အပြစ်တင်ခဲ့ကြပါတယ်။
တိုက်ခိုက်မှုဟာ ကောင်ကာပြည်နယ်ရဲ့ မြို့တော် ပိုပါယန်ကနေ ၂၂ မိုင်အကွာမှာရှိတဲ့ ကာဂျီဘီယို မြူနီစီပယ်ရဲ့ အယ်လ် တူနယ် ဧရိယာက ပန် အမေရိကန် အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
တိုက်ခိုက်မှုဟာ စနေနေ့က ပြည်နယ်အတွင်း သတင်းပို့ထားတဲ့ ရာဇဝတ်မှုတွေ အများကြီးထဲက တခုဖြစ်တယ်လို့ ကောင်ကာ အုပ်ချုပ်ရေးမှူး အောက်တေးဗီးယန်း ဂက်ဇ်မဲန်က X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
နောက်ပိုင်းမှာ သေဆုံးသူဦးရေ ၁၄ ယောက်အထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူဦးရေ ၃၈ ယောက်အထိ ရှိလာတယ်လို့ နောက်ဆက်တွဲပို့စ်တခုမှာ သူက အတည်ပြုခဲ့ပါတယ်။
သမ္မတသက်တမ်း ကုန်ဆုံးတော့မဲ့ ကိုလံဘီယာသမ္မတ ဂတ်စ်တာဗို ပေထရိုဟာ ညှိနှိုင်းမှုတွေနဲ့ ရံဖန်ရံခါ အပစ်အခတ်ရပ်စဲမှုတွေကတဆင့် ပြောက်ကျားတွေနဲ့ “လုံးဝငြိမ်းချမ်းရေး” မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။
ဧပြီ ၂၄ရက်က ကာလီမြို့က ကန်တန် ပီချင်ချာ စစ်စခန်းနားမှာ ဆလင်ဒါပုံစံ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို ဖှားသူပုန်တွေနဲ့ သဘောထားကွဲလွဲသူ အိုင်ဗန် မော်ဒစ်စကို ကို သစ္စာခံသူတွေက စွန့်ခွာထားခဲ့တယ်လို့ ကိုလံဘီယာစစ်တပ်က ပြောပါတယ်။
ကာလီမြို့မှာ သီးခြားတိုက်ခိုက်မှုအပြီး တရက်အကြာမှာ အကြမ်းဖက်မှု ထပ်ဖြစ်ခဲ့တာပါ။ ကာလီရဲ့ မြူနီစီပယ် ကြီးကြပ်ရေးအဖွဲ့က ပီချင်ချာတပ်ရင်းဆီ ဆလင်ဒါနှစ်ခု ပစ်လွှတ်ခဲ့ပေမဲ့ မပေါက်ကွဲဘဲ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ပြောပေမဲ့ ဖြစ်ရပ်အတွင်း ယာဉ်ကတော့ မီးလောင်ခဲ့ပါတယ်။
Source: Reuters











