DVB Logo
Home
Lead Story
အမင်္ဂလာစစ်တပ် (သို့) နိုင်ငံတော်စစ်ရာဇဝတ်ဂိုဏ်း
DVB
·
December 26, 2022
အမင်္ဂလာစစ်တပ် (သို့) နိုင်ငံတော်စစ်ရာဇဝတ်ဂိုဏ်း
Donate to DVB

လူသားတွေရဲ့သမိုင်းမှာ ကမ္ဘာနဲ့တဝန်းက လူ့အသိုက်အဝန်းကို ဆိုးဝါးရက်စက်စွာ ဒုက္ခပေးခဲ့ကြတဲ့ ရာဇဝတ်ဂိုဏ်းကြီးတွေ များစွာပေါ်ထွန်းစိုးမိုးခဲ့ကြသလို သူတို့‌ခေတ် ကုန်ချိန်မှာတော့ ဘာနဲ့မှ တားဆီးလို့မရဘဲ ဆုတ်ယုတ်ပြိုကျ ပျက်စီးခဲ့ကြရတာချည်းပါပဲ။ မကောင်းမှုနဲ့ အသက်မွေးတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း လက်နက်ကိုင်တပ်တွေဆိုတာ ဘယ်သောအခါမှာမှ နိဂုံးမကောင်းကြပါဘူး။

အဆိုပါ ရာဇဝတ်ဂိုဏ်းကြီးတွေဟာ လူသတ်၊ လုယက်၊ ပြန်ပေးဆွဲ၊ မှောင်ခိုလက်နက်ရောင်းဝယ်၊ ငွေမဲကို ငွေဖြူဖြစ်အောင် လျှော်ဖွပ်ခြင်း၊ လူကုန်ကူးခြင်း၊ တရားမဝင်ငွေချေးခြင်း၊ ငွေညှစ်ခြင်း၊ တရားမဝင် လောင်းကစားဝိုင်းထောင်ခြင်း၊ ကြေးစားလူသတ်ခြင်း၊ ကာကွယ်ခ ဆက်ကြေးတောင်းခြင်း၊ အကြမ်းဖက်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ လူ့ခန္ဓာအင်္ဂါအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း စတဲ့ လူ့အသိုင်းအဝိုင်းက လက်မခံကြတဲ့ အလွန်ယုတ်ညံ့ဆိုးဝါးတဲ့ အကုသိုလ်ကံတွေကို မိုက်မဲစွာ ကျူးလွန်ကြလေ့ ရှိပါတယ်။

၁၈၅၄-ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ အီတလီနိုင်ငံ ကာတာလိုနီးယားပြည်နယ်ထဲက စီစီလီယံကျွန်းမှာ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ တခြားဒုစရိုက်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ စီစီလီယံ မာဖီးယား ဒုစရိုက်ဂိုဏ်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အီတလီအစိုးရက ဖမ်းဆီးနှိမ်နင်းခဲ့ပါတယ်။ အဲ့ဒီလို ရာစုနှစ်များစွာ ကြီးစိုးရမ်းကားခဲ့တဲ့ မာဖီးယားဂိုဏ်းကို နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွင်း ဂိုဏ်းခေါင်းဆောင် လောက်ဒါနီ (Laudani) မိသားစုနဲ့ သံသယရှိသူ ၁၀၀ ကျော်ကို အီတလီပိုင် စီစီလီယံကျွန်းနဲ့ ပြည်ပမှာပါ နှိမ်နင်းခဲ့တယ်လို့ အီတလီရဲတပ်ဖွဲ့က ဆိုပါတယ်။

ထိုနည်းအတူပါပဲ ‌၂၀ ရာစုနှောင်းပိုင်းကတည်းက တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကျွန်းမှာ ပေါ်ပေါက်လာခဲ့တဲ့ လူမိုက်ဂိုဏ်းတွေဟာ အဖွဲ့ဝင် သိန်းချီရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ကစပြီး တရုတ်အစိုးရက နှိမ်နင်းခဲ့ရာမှာ ခန့်မှန်းခြေ လူဆိုးလူမိုက်ဂိုဏ်းပေါင်း ၁,၂၀၀ ကျော်က ဂိုဏ်းသား ၈၇,၃၀၀ ဖမ်းဆီးခံရပြီး ပြိုကွဲခဲ့ရပါတယ်။

ကမ္ဘာမှာ အကြီးမားဆုံး လူဆိုးဂိုဏ်းကြီးတွေထဲက တခုဖြစ်တဲ့ ဂိုကုဒိုလို့ခေါ်တဲ့ ဂျပန်နိုင်ငံက ယာကူဇာဂိုဏ်းတွေဟာ ၁၇ ရာစုလောက်က စပေါ်ပေါက်ခဲ့ပြီး နိုင်ငံတဝန်း ဂိုဏ်းဝင်အင်အား သိန်းချီရှိခဲ့ပေမဲ့ ဂျပန်အစိုးရနဲ့ ရဲတပ်ဖွဲ့ရဲ့ ကြိုးစားအားထုတ်တိုက်ဖျက်မှု‌တွေကြောင့် သောင်းဂဏန်းလောက်ထိသာ ကျန်ပြီး ဩဇာအာဏာ ကျဆင်းလာခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကိုပြန်ကြည့်ရင် ၁၉၉၆ ခုနှစ်ကျော်ကာလတွေမှာ နအဖအမည်ခံထားတဲ့ အာဏာရှင်မျိုးဆက်သစ် သန်းရွှေတို့ စစ်ဓားပြဂိုဏ်းရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ သားသမီးများ၊ တပ်မတော်အရာရှိကြီးတွေရဲ့ သားသမီး‌တွေ ပါဝင်ကြတဲ့ စကော်ပီယံ လူမိုက်ဂိုဏ်း ပေါ်‌ပေါက်ခဲ့ပြီး ဥပဒေအထက် တက်ထိုင်လို့ ရာဇဝတ်မှု၊ လူသတ်မှု၊ အုပ်စုဖွဲ့ အကြမ်းဖက်မှု၊ မူးယစ်ဆေးနဲ့ တခြားသော မာဖီးယားစတိုင်လ် ဒုစရိုက်ဂိုဏ်းဆန်တဲ့ ပြစ်မှုတွေကို ၂၀ဝ၀ ပြည့်နှစ် အစောပိုင်းနှစ်တွေအထိ ကျူးလွန်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မူလပထမ စစ်အာဏာရှင် နေဝင်းရဲ့ အချစ်ဆုံးမြေးတွေကလည်း စကော်ပီယံဂိုဏ်းလိုပဲ အဘိုးအရှိန်အဝါနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ များစွာကျူးလွန်ပြီး မိုက်မဲဆိုးသွမ်းခဲ့ကြပါတယ်။

စကော်ပီယံခေါင်းဆောင် ရန်နိုင်နဲ့အတူ အဖွဲ့ဝင်ဂိုဏ်းသား ၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီအထဲက ၂၀ ကျော်က အာဏာရှိ စစ်ဓားပြမိဘတွေရဲ့ သြဇာနဲ့ ပြန်လည်လွတ်မြောက်သွားခဲ့ပါတယ်။ အဲ့ဒီတုန်းက အာဏာရှင်ဟောင်း နေဝင်းရဲ့ မြေး‌တွေနဲ့ ရန်နိုင်တို့ရဲ့ စကော်ပီယံဟာ တဖွဲ့တည်းဆိုတဲ့ ကောလာဟလ‌တွေ ပျံ့လွင့်ခဲ့ပါသေးတယ်။ စစ်ခုံရုံးက ဂိုဏ်းခေါင်းဆောင် ရန်နိုင်ကို အသင်းအဖွဲ့ဥပဒေ ၅ (ဃ) ၆ နဲ့ ထောင်ဒဏ် ၁၂ နှစ် ချခဲ့တာမို့ စ‌ကော်ပီယံဂိုဏ်း အဆုံးသတ်သွားခဲ့ပါတယ်။

၂၀ဝ၂ ခုနှစ်မှာပဲ အရွယ်အိုမင်းလို့ အစွယ်တုံးလာတဲ့ စစ်ဓားပြနေဝင်းနဲ့ မိသားစုဝင်တွေကို စစ်အာဏာရှင်မျိုးဆက်သစ် သန်းရွှေတို့ စစ်ဓားပြတသိုက်က နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်မှုနဲ့ စွပ်စွဲပြီး သူခိုးလက်က သဝှက်လု ဆိုသလို သူနဲ့ သမီးဖြစ်သူ ခင်စန္ဒာဝင်းကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီး သမက်ဖြစ်သူနဲ့ မြေးလူမိုက်တွေကိုတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီးတဲ့နောက် အကျယ်ချုပ်မှာ မူလလက်ဦးအာဏာရှင်ဟာ အမိုက်ဇာတ်သိမ်းခဲ့ရပါတော့တယ်။

တကယ်တော့ အထက်မှာရေးပြခဲ့တဲ့ မာဖီးယားဂိုဏ်း၊ လူဆိုးလူမိုက်ဂိုဏ်းတွေထက် ပိုပြီး ယုတ်ညံ့ရမ်းကား ရက်စက်တဲ့ အဖွဲ့ကတော့ အာဏာရူးမင်းအောင်လှိုင် ဦးစီးတဲ့ နိုင်ငံတော်စစ်ရာဇဝတ်ဂိုဏ်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ စစ်ဓားပြတပ်ဟာ လူဆိုးလူမိုက်ဂိုဏ်းတွေလောက် ကျင့်ဝတ်ကောင်းမရှိဘဲ စည်းမစောင့်တဲ့ မကောင်းဆိုးဝါးတပ် ဖြစ်သွားခဲ့တာ မဟုတ်လား။ ပြည်သူ့ငွေနဲ့ ဝယ်ယူထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ၊ တိုက်လေယာဉ်တွေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေကြတာ အားလုံး မြင်‌နေ ကြားနေရတဲ့အပြင် သက်သေအထောက်အထားတွေလည်း သိန်းချီရှိနေပြီ ဖြစ်ပါတယ်။ မအလသစ္စာခံ နိုင်ငံတော်စစ်ရာဇဝတ်ဂိုဏ်းဟာ အခုဆို ခေတ်ကုန်သွားတဲ့ မာဖီးယားဂိုဏ်းတွေလို အဘက်ဘက်က ချေမှုန်းခြင်းခံနေရပြီး အကျအဆုံးတွေ များလာတာကြောင့် အမင်္ဂလာစစ်ဓားပြတပ်ထဲမှာ မုဆိုးမတွေ အဆမတန် တိုးပွားလာနေပါတယ်။

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာအနီးမှာ ဒီဇင်ဘာလ ၇ ရက်က‌နေ ဒီဇင်ဘာလ ၁၂ ရက်အထိ ဖြစ်ပွားခဲ့တဲ့ TNLA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲမှာ မအလစစ်သား ၅၀ နီးပါး သေဆုံးခဲ့ပြီး ၂၄ ဦးကို အရှင်ဖမ်းမိကြောင်း TNLA မြေပြင်သတင်းရင်းမြစ်တွေက ရှမ်းသံတော်ဆင့် သတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးတော့ ဒီဇင်ဘာလ ၁၆ ရက် မနက် ၅ နာရီ ၄၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဝ ခလရ ၂၃၁ စစ်တပ်စခန်းကို KNLA တပ်တွေ PDF တပ်‌တွေ အပါအဝင် မဟာမိတ်တပ်‌တွေ ပူးပေါင်းထားတဲ့ ကျားဖြူစစ်ကြောင်းက ဦးဆောင်ပြီး တိုက်ခိုက်ရာမှာ တပ်ရင်းမှူးအပါအဝင် ၇ ဦးသေကာ ၉ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၁ က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် သူတို့ရဲ့ အခွင့်ထူးခံ အကျိုးစီးပွားကို ကာကွယ်ဖို့ ပြည်သူကို ရန်သူအဖြစ် သတ်မှတ်ပြီး အစွမ်းကုန် ယုတ်မာရိုင်းစိုင်းနေတဲ့ ဘုရင်ရူးသာဝရဲ့ ခါးပိုက်ဆောင် နိုင်ငံတော်စစ်ရာဇဝတ်ဂိုဏ်းဟာ နေ့စဉ် မသေဆုံးတဲ့ရက်မရှိဘဲ ပြည်သူ့ခုခံစစ် ၂ နှစ် မပြည့်ခင်မှာကို မုဆိုးမပေါင်း ၃၀,၀၀၀ နီးပါး ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ကျန်ရှိနေ‌သေးတဲ့ စစ်ဗိုလ် စစ်သား စစ်သမီးတွေအနေနဲ့ ကိုယ့်မိန်းမကို မုဆိုးမ မဖြစ်စေချင်ရင်၊ ကိုယ့်သားသမီးကို အဖေမဲ့ အမေမဲ့ သားသမီးဘဝ မ‌ရောက်စေချင်ရင် အာဏာရှင်ဗိုလ်ချုပ်တသိုက်အတွက် မိမိအသက်ကို အချည်းအနှီး မဖြစ်စေချင်ရင် ဒီအမင်္ဂလာ မကောင်းဆိုးဝါး နိုင်ငံတော်စစ်ရာဇဝတ်ဂိုဏ်းကို အမြန်ဆုံးစွန့်ခွာလို့ ပြည်သူနဲ့ လက်တွဲပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းအောင် နွေဦးတော်လှန်ရေးကြီးမှာ သမိုင်းကောင်း ကမ္ပည်းထိုးကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013