DVB Logo
Home
Lead Story
တိုင်းပြည်ရဲ့ အရွေ့တခု
DVB
·
December 23, 2022
တိုင်းပြည်ရဲ့ အရွေ့တခု
Donate to DVB

အာဏာသိမ်းစစ်အုပ်စုဟာ သူတို့ရဲ့ မှိုတက်‌နေတဲ့ အတွေးအခေါ်ဟောင်းနဲ့ နိုင်ငံကို ခြိမ်းခြောက် အကြောက်တရားပေးပြီး အုပ်ချုပ်လို့ရမယ် ထင်ခဲ့ကြတယ်။ ယနေ့ခေတ် လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်ကို လှောင်ပိတ် ထိန်းချုပ်လို့ မရတော့ဘူးဆိုတာ၊ မတရားသဖြင့် ဗိုလ်ကျစိုးမိုးလိုသူတွေ အခုတော့ နောင်တလည်းရ နိဂုံးမလှမယ့် အခြေအ‌နေကို ဆိုက်သွားပါပြီ။

အာဏာသိမ်းစ အစောပိုင်းကာလတွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ လူကြီးပိုင်းတချို့ တော်လှန်ရေးကို အပြည့်အဝယုံကြည်မှု မရှိကြသေးဘူး။ ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကို သိတယ်၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးအရှိန် ကျသွားမလား၊ တက်လာမလားဆိုတာ သူတို့ စောင့်ကြည့် အကဲခတ်နေခဲ့တယ်။

နေဝင်းခေတ်က လူကြီးတွေဟာ ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တဲ့ခေတ်ကို ဖြတ်သန်းခဲ့ရတော့ ကြောက်ကြတယ်။ ၈၈ နဲ့ သန်းရွှေခေတ်မှာ နေခဲ့ရ ကြုံခဲ့ရသူတွေက ကြောက်စိတ်တဝက် နိုင်လိုစိတ်တဝက်နဲ့ ၅၀/၅၀ ခွထိုင်ဖြစ်နေချိန်မှာ အတွေးသစ် အမြင်သစ် နိုင်ငံအသစ် အားလုံးအသစ် Brand New လိုချင်တဲ့ Generation Z နောက်ဆုံးမျိုးဆက်သစ် လူငယ်လေးတွေဟာ လိုချင်တဲ့အသစ် မှန်သမျှအတွက် သူတို့ သေချင်သေပါစေဆိုတဲ့စိတ်နဲ့ နောင် Alpha မျိုးဆက်သစ်တွေအတွက် အဆုံးထိ တော်လှန်တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲ့ဒီစိတ်ဓာတ်ကို ဒီနေ့မှာတော့ အနောက်အင်အားကြီးနိုင်ငံတွေက အသိအမှတ် ပြုလာခဲ့ကြပါပြီ။ တခုပဲရှိတယ် နေဝင်းခတ်က ပုဂ္ဂိုလ်ကြီးများ၊ သန်းရွှေခေတ်က လူကြီးများ၊ သိန်းစိန်ခေတ်က နောင်တော်များ၊ အရပ်သားအစိုးရခေတ်က ညီကိုများ၊ မကူညီချင်ရင် နေလို့ရပါတယ်၊ ခြေမထိုးဖို့တော့လိုပါတယ်။ ဒီအရေးက တိုင်းပြည်အနာဂတ်အရေး ဖြစ်ပါတယ်။ လွယ်လွယ်နဲ့မရနိုင်သလို လွယ်လွယ်နဲ့ ပြီးမယ့်တိုက်ပွဲ မဟုတ်လို့ စည်းလုံးခြင်း ညီညွတ်ခြင်းအားတွေ လိုပါတယ်။

Generation Z တို့ရဲ့ မဆုတ်မနစ် ကြိုးစားမှုက အခုဆို အရာထင်လာပါပြီ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကို မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါပြီ။ မဲခွဲဆုံးဖြတ်ရာမှာ ထူးခြားမှုတခု တွေ့လိုက်ရတယ်။ အဲ့ဒါက ဘာလဲဆိုတော့ တရားမဝင် မတရားအာဏာသိမ်း စစ်အုပ်စုကို အလုံးစုံ ကူညီအားပေး ဝန်းရံဖေးမနေတဲ့ အင်အားကြီးနိုင်ငံ တရုတ်၊ ရုရှား၊ အိန္ဒိယ ၃ နိုင်ငံက မဲလည်းမပေးခဲ့ဘူး၊ ကန့်လည်း မကန့်ကွက်ဘူးလို့ သိရတယ်။ အင်မတန်ထူးခြားတဲ့ အချက်ပဲ ဖြစ်တယ်။ ကိုမင်းကိုနိုင် ပြောခဲ့သလို နိုင်မြင်းကို သူတို့သိနေပြီဆိုတဲ့ အနေအထားဖြစ်တယ်။

ပြည်ပမှာ အားတက်စရာတွေ ဆက်တိုက်ရရှိလာပြီ၊ ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေပြီ၊ NDAA ကလည်း သမ္မတလက်မှတ်ပဲ လိုတော့တယ်၊ ဥရောပသမဂ္ဂ EU ကလည်း အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပြီ၊ နိုင်ငံတကာက လှုပ်လာရင် အာဆီယံကလည်း ထိုင်နေလို့မရပါဘူး။ ကုလလုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံအတွက် ထိရောက်တဲ့ အရွေ့တခု စတင်လာပြီ။ 

ပြည်တွင်းမှာလည်း ခံစစ်ကနေ မသိမသာ တိုက်စစ်ဘက်ကို ဦးလှည့်နေပြီ။ သူတို့အတွက် နောက်ဆုံးထွက်ပေါက်က တခုပဲရှိတယ်။ ရွေးကောက်ပွဲကို မဖြစ်မနေ ဖန်တီးကျင်းပပြီး ထွက်ဖို့ပြင်ဆင်နေကြခြင်း ဖြစ်တယ်။ ရွေးကောက်ပွဲအတွက် ကြိတ်ပြီး ပြင်ဆင်နေတာကို ပြည်သူတွေ အာရုံစိုက်မလာအောင် အာရုံအမျိုးမျိုး လွှဲလာနိုင်ပါတယ်။ ဒလသင်္ဘော ဗုံးခွဲတာမျိုး၊ ဘာသာရေး၊ လူမျိုးရေး အာရုံလွှဲတာတွေ အာဏာသိမ်းအုပ်စု စတင်လာပါပြီ။ အဲ့ဒီနောက်မှာ ပြည်သူတွေ သတိမထားမိအောင် ရွေးကောက်ပွဲအတွက် အောက်ခြေကိုဆင်းကာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး နေရာမှာ သူတို့လူတွေ ထိုးထည့် ခန့်အပ်တာတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအတွင်း ပြောင်းလဲတာတွေ ကြိတ်လုပ်နေကြပြီ ဖြစ်တယ်။ တဖြည်းဖြည်း အောက်ခြေခိုင်သလောက်ဖြစ်ပြီ ဆိုတာနဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်စာရင်းကို ထုတ်ပြန်လာနိုင်ပါတယ်။ ရန်ကုန်မြို့ ရပ်ကွက်တချို့မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို သူတို့လက်အောက်ခံပါတီ အဖွဲ့ဝင်တွေနဲ့ ပြောင်းလဲခန့်အပ်တာတွေ ရှိနေပါပြီ။ ဒါတွေက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်တယ်။ ပြည်သူတွေ မျက်ခြည်မပြတ်ဖို့ လိုတယ်။ သူတို့က အကျပ်ကိုင် ခြိမ်းခြောက်ကာ‌ သေနတ်ထောက်၊ ဓားမိုးပြီး မဲထည့်ခိုင်းလာနိုင်ပါတယ်။ မဖြစ် ဖြစ်အောင် လုပ်မယ့် ခြေလှမ်းတွေဖြစ်တယ်။

ဒီအချိန်မှာ အထူးစည်းလုံးညီညွတ်ကြရမယ့်အချိန် ဖြစ်တယ်။ တော်လှန်ရေးအဖွဲ့တွေ သူတလူ ငါတမင်း ဖြစ်နေလို့မရပါဘူး။ ဟိုတနေ့က သတင်းစာရှင်းလင်းပွဲတခု ကြည့်လိုက်ရတယ်။ မေးတဲ့သူက ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတဲ့ မေးခွန်းမျိုး မေးတယ်။ အဲ့ဒီမေးခွန်း မေးသံကြားတော့ ကြည့်ရင်း အံ့ဩသွားတယ်။ တဖက်လူရဲ့ ခေါင်းဆောင်ပိုင်း လူစာရင်းတောင်းတယ်။ ဒီလိုအချိန် ဒီလိုနေရာမှာ ဒီလိုမေးခွန်းမျိုး မေးလိုက်တာ တဖက်အဖွဲ့အစည်းရဲ့ လုံခြုံမှုကို ထည့်မစဉ်းစားဘဲ မေးလိုက်တာဖြစ်လို့ ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ မစဉ်းစားမိတာလား၊ ဒါမျိုးတွေဖြစ်မလာ‌အောင် အဖွဲ့အစည်းတိုင်း ကြပ်မတ် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးဟာ အရင်းအနှီးကြီးသလို ပြန်ရမယ့် အကျိုးအမြတ်ကလည်း ကြီးမားပါတယ်။ ခေတ်သစ် စနစ်သစ်နဲ့ ကမ္ဘာမှာ မြန်မာလို့ ရင်ကော့ ခေါင်းမော့နိုင်ဖို့ အာရှတွင်း အာဏာရှင်နိုင်ငံတွေကြားမှာ အားကျအတုယူစရာနိုင်ငံ အဖြစ်နဲ့ ဖြစ်တည်ဖို့ အရွေ့တခုချင်းဆီကနေ ရွေ့လျားပြီး တော်လှန်ရေးပန်းတိုင်ဟာ လက်တကမ်းအလိုမှာ ရောက်နေပြီဆိုတာ အသိပေးပြောကြားရင်း ... ဒီနှစ်နွေဦးမှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013