DVB Logo
Home
Lead Story
တာလီဘန်
DVB
·
December 23, 2022
တာလီဘန်
Donate to DVB

အာဖဂန်နစ္စတန်မှာ မိန်းကလေးကျောင်းသူတွေ တက္ကသိုလ်ပညာဆည်းပူးခွင့် မရှိတော့ဘူးလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က တာလီဘန်အစိုးရက ကြေညာလိုက်တယ်။ ဒီအမိန့်ကြောင့် တက္ကသိုလ်တက်လက်စ အာဖဂန်ကျောင်းသူတွေအားလုံးရဲ့ ပညာသင်ကြားခွင့်ဟာ ရပ်တန့်သွားတယ်။ ဗုဒ္ဓဟူးနေ့မှာ အမည်းရောင် ခေါင်းဆောင်းကိုယ်စီနဲ့ ကျောင်းလာတက်ကြတဲ့ တက္ကသိုလ်ကျောင်းသူတချို့ကို တာလီဘန်အစောင့်ရဲတွေက ကျောင်းဂိတ်ပေါက်ဝကနေ ပြန်မောင်းထုတ်နေတာ တွေ့ရတယ်။

တာလီဘန်အစိုးရဟာ လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက မိန်းကလေးတွေ အထက်တန်းပညာ သင်ယူခွင့် မရှိဘူးလို့ အမိန့်ထုတ်ခဲ့ပြီးတဲ့နောက် ခုတခါ တက္ကသိုလ်တွေမှာပါ ပိတ်ပင်လိုက်တာ ဖြစ်တယ်။ ဒါဟာ အာဖဂန်အမျိုးသမီးတွေအတွက် အိပ်မက်ဆိုးတခုပါပဲ။

၁၉၉၆-၂၀၀၁ တာလီဘန်ခေတ်လွန်မှာ မွေးဖွားခဲ့ကြတဲ့ အာဖဂန်လူငယ်မျိုးဆက်တွေဟာ လွတ်လပ်မှုနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့ကြပြီး ကံကောင်းတဲ့မျိုးဆက်လို့ သတ်မှတ်ခံခဲ့ရတယ်။ အရင် တာလီဘန်အစိုးရရဲ့ တင်းကျပ်တဲ့ တားမြစ်မှုအမျိုးမျိုးအောက်မှာ မိန်းကလေးတွေ ပညာမသင်ရ၊ အလုပ်မလုပ်ရ နေခဲ့ရတဲ့ အခြေအနေက လွတ်မြောက်ပြီး တန်းတူ ပညာသင်ကြားခွင့် ရရှိခဲ့ရာက ခုတခါ အရင်ပုံစံအတိုင်း တားမြစ်ချက်တွေ ပြန်ပြီး ပြုလုပ်လာတာ ဖြစ်တယ်။

“ဒါဟာ ကျမတို့ရဲ့ အနာဂတ်ကို ရိုက်ချိုးပစ်လိုက်တာပါပဲ” လို့ ကဘူးလ်တက္ကသိုလ်က ကျောင်းသူတဦးက ရင်ဖွင့်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ၊ အမေရိကန်တပ်တွေ အာဖဂန်က ဆုတ်ခွာသွားတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားပါမယ်လို့ တက်လာတဲ့ တာလီဘန်အစိုးရက ကတိပေးထားပေမဲ့ တနှစ်ကျော် ကြာလာတဲ့အခါမှာတော့ အရင်ပုံစံအတိုင်း အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်တွေကို တားမြစ်လိုက်တာဖြစ်တယ်။ အစွန်းရောက် အစ္စလာမ်ဥပဒေအရ အမျိုးသမီးတွေဟာ အဖော်အမျိုးသားတဦး မပါဘဲ ခရီးသွားလာခွင့် မရှိတော့သလို ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ပန်းခြံတွေ၊ ကစားကွင်းတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်။

ပြီးခဲ့တဲ့ သုံးလကပဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ကြတဲ့ တနိုင်ငံလုံးက အာဖဂန် ကျောင်းသူတွေရဲ့ အနာဂတ်ဟာ ပျောက်ဆုံးသွားပြီ ဖြစ်တယ်။

ပြည်တွင်းမှာ နေထိုင်နေကြသူတွေရော ပြည်ပရောက်နေကြတဲ့ အာဖဂန်မိသားစုတွေကပါ ‘အမှောင်ခေတ်’ ထဲ ပြန်ရောက်သွားပြီဖြစ်တဲ့ သူတို့သမီးငယ်တွေရဲ့ အနာဂတ်အတွက် စိုးရိမ်ထိတ်လန့်မှုနဲ့အတူ ဒေါသတွေ ဖြစ်နေကြတယ်။

ခုလို အာဖဂန်အမျိုးသမီးတွေ တက္ကသိုလ်တက်ခွင့် ပိတ်ပင်လိုက်ခြင်းဟာ တာလီဘန်တွေက အမျိုးသမီးတွေရဲ့ ဘဝနဲ့ လွတ်လပ်ခွင့်ကို လုံးဝ ထိန်းချုပ်လိုက်တာလည်း ဖြစ်တယ်။

ကဘူးလ်တက္ကသိုလ်မှာ ရှာရီယာဥပဒေဘာသာရပ် သင်ကြားနေတဲ့ အာဖဂန်အမျိုးသမီးတဦးကတော့ “အစ္စလာမ်နဲ့ အလ္လာက ပေးထားတဲ့ ကျမတို့ရဲ့ အခွင့်အရေးတွေကို တာလီဘန်တွေက ထိန်းချုပ်လိုက်တာပဲ။ သူတို့ တခြား အစ္စလာမ်နိုင်ငံတွေကို သွားကြည့်သင့်တယ်။ ဒါမှ သူတို့လုပ်ရပ် မှန်မမှန် သူတို့တွေ့လိမ့်မယ်” လို့ ပြောတယ်။

တာလီဘန်တွေရဲ့လက်အောက်မှာ အာဖဂန်ဟာ အမှောင်ခေတ်ထဲ ပြန်ရောက်သွားပြီ ဖြစ်တယ်။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ အာဖဂန်အမျိုးသမီးတွေကို မမြင်တွေ့ရတော့သလို ခုဆိုရင် ကဘူးလ်မြို့ပေါ်က နေရာတိုင်းမှာ အာဖဂန်အမျိုးသားတွေကိုပဲ မြင်တွေ့နေရတယ်လို့ ဆိုတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လ၊ အမေရိကန်ဦးဆောင်တဲ့ တပ်တွေ ပြန်လည်ရုပ်သိမ်းသွားပြီးတဲ့နောက် တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ကို (ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး) သုံးနိုင်ငံကသာ အသိအမှတ်ပြုထားပြီး ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ တရားဝင် အသိအမှတ်ပြုမှု ခုချိန်ထိ မရရှိသေးဘူးလို့ သိရတယ်။

CWM

Ref: Afghan women stopped from entering universities after Taliban ban.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013