DVB Logo
Home
မြန်မာသတင်း
ကရင်နီလက်နက်ကိုင် (ကလလတ) တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၁ ဦး သေဆုံး
DVB
·
December 22, 2022
ကရင်နီလက်နက်ကိုင် (ကလလတ) တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၁ ဦး သေဆုံး
Donate to DVB

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်တွေ  တိုက်ခိုက်ခံရလို့ ရဲဘော်  ၈  ဦးအပါအဝင် စုစုပေါင်း ၁၁ ဦး သေဆုံးသွားတယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ ရွာသစ်မြို့နယ်၊ ဟွေအွန်နဲ့ ဟွေအော့ကားလမ်းမပေါ်မှာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီက (ကလလတ) ရဲဘော်တွေလိုက်ပါလာတဲ့ကားကို  KA နဲ့ KNDF ပူးပေါင်းတပ်တွေက ချုံခိုတိုက်ခိုက်ခဲ့တာလို့ ကလလက တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့အဲဒီကနေ ပြန်ဆင်းအလာလမ်းမှာ အပစ်ခံရတာပေါ့။ အဲဒါတော့ သူတို့ ဘက်ကနေ မှားတယ်လို့ပြောတယ်။ သေနတ်တွေတော့ လာပြန်ပေးသွားတယ်။ ပြီးတော့ ဒဏ်ရာရ နှစ် ယောက်ကိုလည်း အဲမှာ ဆေးကုပေးမယ်ဆိုပြီးမှ ခေါ်သွားပြီးတော့ သတ်ပစ်လိုက်တယ်။”

ဒါ့အပြင် အဆိုပါကားမှာ လိုက်ပါမောင်းနှင်ပေးသူနဲ့ ယာဉ်နောက်လိုက်အပါအဝင်  ဒေသခံ ၃ ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြောင်းအရင်းတွေကို စုံစမ်းနေပြီး ထုတ်ပြန်ပေးသွားမယ်လို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။

“ကျနော်တို့ဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲကာလဖြစ်တယ်။ ဘာမှ ပြောလို့မရဘူး။ အချိန်တန်ရင်တော့ ကျနော်တို့ တရားဝင်ပြောတာတွေ လုပ်သွားမှာပါ။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်ကို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ သူ့အနေနဲ့ တပ်ဘက်က မဟုတ်တဲ့အတွက် ဖြစ်စဉ်ကို သေချာမသိရကြောင်းနဲ့ အဆိုပါလမ်းကြောင်းဟာ စစ်ကောင်စီကို ရိက္ခာပို့တဲ့လမ်းကြောင်းဖြစ်လို့ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

“သတ်ဖြတ်ခံရတာတော့မဟုတ်ဘူး၊ တိုက်ပွဲဖြစ်လို့ ကျဆုံးသွားတာပေါ့။ ဒီသတင်းက ကျနော်လည်း သိပ်မပြောချင်ဘူး၊ ကျနော်လည်း သိပ်မသိလို့လေ။ တိုက်ပွဲက တပ်ပေါင်းစုနဲ့ ပြောလို့ရတယ်။ ပူးပေါင်းထားတဲ့အဖွဲ့တွေနဲ့ ကလလတလား နယ်ခြားစောင့်တပ်လား ရောထွေးနေတယ်။ အဲဒီဒေသက စစ်ကောင်စီဘက်က ရိက္ခာတွေပို့တဲ့လမ်းကြောင်းတွေဖြစ်တယ်။ စစ်ဆင်ရေးလုပ်တဲ့ လမ်းကြောင်းဖြစ်နေတော့ အဲလိုမျိုးစစ်ကောင်စီအတွက် ရိက္ခာပို့မှုတို့၊ စစ်ဆင်ရေးအတွက် လမ်ကြောင်းပေါ်ရှိကြတာ။ အဲဒါနဲ့မှားဝင်လာကြတာ အဲလိုမျိုးပဲဖြစ်နိုင်တယ်။ ကျနော်လည်း ဖြစ်စဉ် သတင်းအတိအကျမရဘူး။”

ကလလတဘက်က ထုတ်ပြန်ထားတဲ့ စာရင်းအရ  စောရောကီ (ကားသမား)၊ ဖာလယ်ဒို  (ကားစပယ်ရာ)၊ သေသီထူး (ချောင်းဘေးမှာ ပစ်သတ်ခံရ)၊ စောရှိုးနေး၊ အာသိုင်း၊ သားငယ် (၁)၊ သားငယ် (၂)၊ ကပ္ပလီ၊ အိုက်ခမ်းတို့က အခင်းဖြစ်နေရာမှာ သေဆုံးသွားကြတာလို့ ဆိုပါတယ်။ 

ပေါလုနဲ့ အိုက်တူး တို့ကတော့ ထွက်ပြေးပြီး ရွာမှာ ဆေးကုနေစဉ် ခေါ်ဆောင်ခံခဲ့ရပြီး အသတ်ခံခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နောက်တရက် ဒီဇင်ဘာ ၁၈ ရက်မှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌက ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မတော်တဆ မှားယွင်းမှုဖြစ်ပါက ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ စာထွက်ပြီး ၂၄ နာရီအတွင်းတင်ပြဖို့ ညွှန်ကြားထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ခွဲမှူး၊ စုမှူး၊ စိပ်မှူးတို့ကို စာရင်းတင်ပြဖို့နဲ့ KNDF တပ်ရင်းတွေအနေနဲ့ ဒီလိုတိုက်ခိုက်မှုကြောင့် စိုးရိမ်လွန်ကဲစွာ တပ်တွေ ပြင်ဆင်မှု မပြုလုပ်ဖို့နဲ့ ကောလာဟလတွေ မဖြန့်ကြဖို့လည်း ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ 

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ကို ၁၉၇၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ကာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ  စစ်တပ်ဩဇာခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖို့ သဘောတူညီမှုရထားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013