
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ သဇင်လမ်းမပေါ်ရှိ စူပါလက်ဖက်ရည်ဆိုင်မှာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်က သေနတ် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီမနက် ၁၀ နာရီခွဲလောက်က လက်ဖက်ရည်ဆိုင်မှာ အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်နဲ့အဖွဲ့ လက်ဖက်ရည်သောက်နေစဉ် အမည်မသိသေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
“သေနတ်သံတွေကြားတယ်၊ လက်ဖက်ရည်ဆိုင်မှာ ဝင်ပစ်သွားတာ။ အုပ်ချုပ်ရေးမှူးသေတယ်၊ ရာအိမ်မှူး ဒဏ်ရာရတယ်။ စစ်ကားတွေရော ရဲကားတွေရော ရှုပ်နေတယ်။ ဆိုင်မှာလည်း စစ်ဆေးတာတွေလုပ်နေတယ်။”
ပစ်ခတ်မှုဖြစ်ပြီး နောက် စစ်ကောင်စီတပ်သားတွေရောက်လာကာ အုပ်ချုပ်ရေးမှူးရဲ့ ရုပ်အလောင်းကို လူနာတင်ယာဥ်နဲ့သယ်ဆောင်ကာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
“အုပ်ကြီးသေတယ်။ ကျန်တဲ့သူတွေထိတယ်လို့တော့မကြားဘူး။ အခုထိ အုပ်ချုပ်ရေးမှူးရုံးမှာ စစ်သားတွေရှိတယ်။”
လက်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ဝေဠုဝန်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စောင့်ကြပ်နေပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ ရပ်ကွက်နေသူက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်ဟာ စစ်ကောင်စီကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လိုက်လံ စည်းရုံးဆော်ဩနေသူဖြစ်တယ်လို့ ဒေသခံတွေထံကဆိုပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုကြောင့် ခုနှစ်ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။