DVB Logo
Home
မြန်မာသတင်း
“သံချပ်ဆိုတာ လူထုရဲ့ အသံ၊ လူထုရဲ့ ခုခံလက်နက်ဖြစ်တယ်”- ဒေါင်းတို့မျိုးဆက်
ဝေဝေ
·
April 16, 2026
Photo: ဒေါင်းတို့မျိုးဆက်
Photo: ဒေါင်းတို့မျိုးဆက်
Donate to DVB

“သံချပ်ဆိုတာ လူထုရဲ့ အသံ၊ လူထုရဲ့ ခုခံလက်နက်ဖြစ်တယ်” လို့ဆိုတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းဟာ ၂၀၂၆ ခုနှစ်မှာဆို ၁၃ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အနာဂတ်မှာ သံချပ်ယဉ်ကျေးမှုတွေ ထွန်းကားလာပြီး သံချပ်တွေ အပြိုင်အဆိုင်ဖျော်ဖြေကြတဲ့ ခေတ်ဆီ ရောက်အောင်သွားမယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဖိုးသားက “ကျနော်အသင်းမှာစပါတော့ ကျနော် ၉ တန်းကျောင်းသားပဲ ရှိသေးတယ်။ အသင်းမှာတော့ အငယ်ဆုံးအသင်းသားပေါ့။ ပြီးတော့ ဒေါင်းတို့မျိုးဆက်က ဒေါင်းတို့မျိုးဆက်ရယ်လို့ မဖြစ်လာခင်မှာ ကျနော်တို့ 'ပိတောက်စာမျက်နှာသစ်' ဆိုတဲ့ နာမည်နဲ့ လူထုပဲ့တင်သံ သံချပ်ပြိုင်ပွဲမှာ ကျနော်တို့ ဝင်ပြိုင်ခဲ့တယ်။ အထူးဆုရခဲ့တယ်ပေါ့။ အဲဒီနှစ်မှာပဲ ဦးမင်းကိုနိုင်ကနေပြီးတော့ 'ဒေါင်းတို့ မျိုးဆက်' ဆိုတဲ့ နာမည်ကို ဖန်တီးပေးခဲ့တာ။ အဲဒီနာမည်နဲ့ပဲ ကျနော်တို့ အခု ဒီနေ့ထိ ရှေ့ဆက်ပြီးတော့ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တက္ကသိုလ်သမဂ္ဂ ကျောင်းသားကျောင်းသူတွေ၊ သမဂ္ဂကျောင်းသားဟောင်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ဒေါင်းမျိုးဆက် သံချပ်အသင်းရယ်လို့ ဖြစ်လာခဲ့တဲ့ အခု ၂၀၂၆ ခုနှစ် မြန်မာ့သင်္ကြန်ကာလမှာဆိုရင် ၁၃ နှစ် ရှိခဲ့ပါပြီ။

အသင်းစတည်ထောင်တဲ့နှစ်မှာ အသင်းဝင်ဖြစ်လာခဲ့တဲ့ အငယ်ဆုံး သံချပ်အဖွဲ့ဝင် ကိုဖိုးသားကတော့ ကိုဗစ်ကာလနဲ့ အကျဉ်းထောင်ထဲ ရှိနေချိန်တွေက လွဲလို့ အမြဲတမ်း သံချပ်အဖွဲ့မှာ ပါဝင်ဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အသင်းက ၂၀၁၃ ခုနှစ်ကတည်းက မြေဝိုင်း၊ ပြိုင်ပွဲစင်၊ ရပ်ကွက်၊ ကျေးရွာ နေရာစုံမှာ  ပြည်သူ့အသံကို ထင်ဟပ်ရင်း အက၊ အလှ၊ သဘာဝ၊ သံချပ်တွေကို တင်ဆက်ကပြခဲ့ကြပါတယ်။

ကိုဖိုးသားက “သံချပ်ဆိုတာ ကျနော်တို့ မြန်မာ့ရိုးရာယဉ်ကျေးမှုက ပေးထားတဲ့ ဒီမိုကရေစီ အခွင့်အရေး ဆိုတာမျိုးကို ကျနော်တို့ ရှေ့မျိုးဆက် သံချပ်သမားတွေဆီကနေပြီးတော့ အမွေရခဲ့တာပါ။ ပြီးတော့ သံချပ်ဆိုတာ လူထုရဲ့ ခုခံရေးလက်နက် ဖြစ်တယ်၊ ဒီဝေဖန်ထောက်ပြခြင်းဟာ သံချပ်ရဲ့ အနှစ်သာရဖြစ်တယ် ဆိုတာကို ကျနော်တို့လည်း ယုံကြည်ခဲ့တယ်ပေါ့။ အဲဒီယုံကြည်ချက်တွေနဲ့ပဲ နှစ်တိုင်း နှစ်စဉ်မပြတ် သံချပ်တွေကို ကျနော်တို့ ဖန်တီးခဲ့ကြတာပါ” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကာလတွေမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးသံချပ်အဖွဲ့တွေ အားကောင်းကောင်း ပေါ်ပေါက်လာကြပေမဲ့ သံချပ်ယဉ်ကျေးမှုတွေ လျော့နည်းလာခဲ့ပါတယ်။

ဒါတွေအပြင် ကိုဗစ်ကာလနဲ့ အာဏာသိမ်းထားတဲ့ ကာလတွေမှာ သံချပ်ပုံသဏ္ဌာန်ကလည်း ပြောင်းသွားခဲ့ပါတယ်။

သံချပ်အဖွဲ့တွေက မြေပြင်ဆင်းပြီး လူထုရှေ့ ဖျော်ဖြေလို့မရတဲ့အခါမှာ အွန်လိုင်းက တင်ဆက်ရတဲ့ အခက်အခဲတွေနဲ့ အစဉ်အလာရှိခဲ့တဲ့ သံချပ်အသင်းကြီးတွေက ခေါင်းဆောင်တွေ ဆုံးပါးသွားခဲ့တာတွေကြောင့် တချို့သော သံချပ်အဖွဲ့တွေက တိမ်မြုပ် ကျန်ရစ်နေခဲ့ကြရပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုဇေယျာလွင်က “ဒီဘက်ခေတ်မှာ လုပ်ကြတဲ့ သံချပ်အဖွဲ့တွေကျတော့ အနုပညာပိုင်းတော့ အားနည်းသွားတယ်ပေါ့။ သံချပ်တွေကို အားကောင်းကောင်းနဲ့ ဒီဘက်နှစ်တွေမှာ ပိုဖော်ပြလာတာ၊ ဖန်တီးလာတာက တကယ်တော့ ခေတ်ကို ထင်ဟပ်စေတယ်ပေါ့။ ပြီးတော့ သံချပ်ဆိုတာ ပြည်သူလူထုရဲ့ အသံဖြစ်တယ်၊ ပြည်သူလူထုကိုယ်စား ကျနော်တို့က ပြောပေးရတဲ့ အသံဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ ယဉ်ကျေးမှုက ပေးထားတဲ့ ကျနော်တို့ အခွင့်အရေးတခု ဖြစ်တယ်ပေါ့။ ဒါကို တော်လှန်ရေးမှာ ပါဝင်နေတဲ့ အင်အားစုတွေက ကောင်းကောင်းဆုပ်ကိုင်ပြီး စစ်အာဏာရှင်ကို ဒါ ထိုးနှက်တဲ့ ကိစ္စတခု ဖြစ်လာတာပေါ့။ ဘာပဲဖြစ်ဖြစ် သံချပ်တွေ သင်္ကြန်တွင်းမှာ အားကောင်းကောင်းနဲ့ အသင်းအဖွဲ့တွေ အပြိုင်အဆိုင် ပေါ်လာပြီးတော့ စစ်အာဏာရှင်ကို သံချပ်တွေနဲ့ တော်လှန်ဝေဖန်တာက အင်မတန် ကောင်းတယ်” လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေးကြီးဆီကနေ သံချပ်တွေကို ချစ်မြတ်နိုးတတ်လာတယ် ဆိုတဲ့ သံချပ်အဖွဲ့ဝင်တွေက တချိန်မှာ နွေဦးတော်လှန်ရေးကြီး အောင်မြင်လို့ သံချပ်ယဉ်ကျေးမှုတွေ ထွန်းကားလာပြီး သံချပ်တွေ အပြိုင်အဆိုင် ဖျော်ဖြေကြတဲ့ခေတ်ဆီ ရောက်အောင်သွားမဲ့ ခံယူချက်တွေနဲ့ ဆိုပါတယ်။

ကိုဖိုးသားက “အခုလို ကျနော်တို့ နောက်ဆုံးမျိုးဆက်ကျတော့ ဒီသံချပ်ယဉ်ကျေးမှုကို ကောင်းကောင်းကြီး ချစ်မြတ်နိုးတတ်လာပြီ။ အဲဒီအမွေကိုလည်း ကျနော်တို့ ဒီနွေဦးတော်လှန်ရေးကြီးကနေပြီးတော့ ကျနော်တို့မျိုးဆက်က အမွေရလိုက်တာ။ အဲ့တော့ အခုလိုပဲ သံချပ်အသင်းတွေ များများစားစား ပေါ်လာကြသလိုပဲ တချိန်မှာ ကျနော်တို့ မြို့အသီးသီးမှာ သံချပ်အသင်းတွေ အပြိုင်အဆိုင် ဖျော်ဖြေကြ၊ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြတဲ့ ခေတ်ကို ကျနော်တို့ ပြန်ရအောင်ကို ရရမယ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

၁၃ နှစ်တိုင် မှတ်တမ်းတင်ထားနိုင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းကတော့ “သံချပ်ထိုး၍ သံလျက်ကျိုးစေ” ဆိုတဲ့ စကားအတိုင်း ဘယ်သူ့မျက်နှာကိုမှ မထောက် မှားတာရှိရင် ဝေဖန် ထောက်ပြကာ ပြည်သူတွေရဲ့ အသံကို ဆက်လက်ထုတ်ဖော်နေကြဦးမှာပဲ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013