DVB Logo
Home
Lead Story
သာဝရဲ့ ဟာသပြက်လုံး
DVB
·
December 21, 2022
သာဝရဲ့ ဟာသပြက်လုံး
Donate to DVB

လျှပ်စစ်ရထား၊ လျှပ်စစ်ကား ပြောတာလည်း သူပဲ။ စက်ဘီးစီးပါ၊ လောင်စာဆီချွေတာပါ ပြောတာလည်း သူပဲ။ ဒီနေ့မနက် အိပ်ယာထတော့ မနေ့ညကဖတ်ရတဲ့ သတင်းတပုဒ်ကြောင့် တချိန်က လူငယ်တွေပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ တေးရေး ဖိုးခွားရဲ့   “စာနာတတ်သူမို့” သီချင်းလေး ညည်းမိတယ်။ “ပြောတတ်တဲ့ နှုတ်ခမ်းပါးလေးကို ရွှေချသိမ်းထားချင်တယ်”။ ဒီသီချင်းစာသားလေးက နူးညံ့ပြီး အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်နိုင်အောင် ခွန်အားပေးလို့ ကျေးဇူးတင်တဲ့အကြောင်းကို  တေးရေးဖိုးခွားက ရသမြောက်စွာ ရေးဖွဲ့ထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ အဲ့ဒီသီချင်းလေးညည်းဆိုရင်း မိုးပြော ဂျိုးပြော ပြောတတ်တဲ့ပါးစပ်က တခြားနေရာနဲ့ နေရာမှားနေလေသလားလို့ အတွေးဝင်မိတယ်။

“စက်သုံးဆီတွေ ပြည်ပနိုင်ငံတွေက တင်သွင်းနေရတာကြောင့် နိုင်ငံခြားငွေတွေ ကုန်တယ်။ စက်သုံးဆီကို ချွေတာသုံးစွဲဖို့လိုတယ်။ စက်သုံးဆီသုံးဖို့မလိုတဲ့ စက်ဘီးကို တိုင်းချစ် ပြည်ချစ်စိတ်နဲ့ အသုံးပြုကြစေလိုတယ်” ဆိုပြီး မြစ်ကြီးနားက လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့ပွဲမှာ လျှပ်စစ်ရထား ပြေးဆွဲမယ့်အကြောင်း လျှပ်စစ်ကားအကြောင်း ပြောခဲ့သူကြီးက ပြောတယ်။

နိုင်ငံတကာက ဂြိုဟ်တုတွေလွှတ်တင်၊ အာကာသစခန်းတွေတည်ဆောက်၊ သိပ္ပံနဲ့ နည်းပညာတွေ အပြိုင်အဆိုင် တီထွင်ကြံဆလုပ်ဆောင်ပြီး တိုးတက်နေတဲ့အချိန် ခေတ်နောက်ပြန်ဆွဲပြီး နွားနဲ့လယ်ထွန်၊ ရေဒီယိုနားထောင်၊ ဂျုံးဂျုံးဂျက်ဂျက်မီးရထားနဲ့ ခရီးသွားရမယ်လား။ လူတိုင်းစေ့ ကား/ဆိုင်ကယ်နဲ့ သွားလာနေတဲ့အချိန်မှာ စက်ဘီးစီးကြပါဆိုတော့ မတိုးတက်တဲ့အပြင် လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က‌ခေတ်ကို ပြန်သွားခိုင်းနေတာ ပြောတတ်တဲ့ပါးစပ် ဖိနပ်နဲ့သာ ရိုက်သင့်တော့တယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်တယောက်လုပ်နေပြီး ပါးစပ်ထဲလာရာ တွေ့ကရာ ပေါက်ပန်းလေးဆယ်ပြော၊ ဖြစ်နိုင်လား မဖြစ်နိုင်လား မချင့်ချိန်၊ အာဏာငမ်းဖမ်းပြီး ပါးစပ်ကလေလည်၊ ထွက်သမျှစကားလုံးတွေက အပုပ်နံ့ပဲထွက်တော့ လူရယ်စရာ ဟာသတွေ ဖြစ်နေတာ သနားစရာပဲ ကောင်းတော့တယ်။ တဖက်က စိတ်ဓာတ်စစ်ဆင်ရေးလုပ်သမျှ ကယောင်ချောက်ချား၊ ကပေါက်တိကပေါက်ချာ ဖြစ်နေတာ ဖုံးမရ ဖိမရ ဖြစ်နေတာတွေက အသိသာကြီး ဖြစ်နေတော့တယ်။ ပြောလိုက်သေးတယ်၊ ဘယ်နိုင်ငံကမှ သူ့ကို မကူညီကြဘူး၊ ပြောပြရမယ်ဆို မျက်ရည်တောင် ဘူးသီးလုံးလောက် ကျမယ်ဆိုပဲ။ မျက်ရည်မကျတဲ့အပြင် ရယ်စရာပြက်လုံးအဖြစ်နဲ့ ပြောစမှတ်သာ တွင်သွားတယ်။ 

ငယ်ငယ်ကဖတ်ဖူးတဲ့ စာစုလေးတခု သတိရမိတယ်။ ဇာတ်ဆရာ မင်းသားကြီးက နောက်ပိုင်းဇာတ်ထုပ်မှာ ပြောလိုက် ငိုလိုက်နဲ့ ငိုလိုက်တာဆိုတာ နှပ်ချေးတွေကိုထွက်လို့။ အဲ့မှာ သူ့ဇာတ်အဖွဲ့ အရှုံးတွေပေါ်ပြီး ဇာတ်ခေါင်းကွဲတော့မှာ မသိရှာဘူး။ ဇာတ်ကန်ထရိုက်က တကိုယ်တည်း တိုးတိုးလေးပြောနေတာ။ ဘာပြောတယ်မှတ်လဲ၊ ငိုထားငိုထား မနက်မိုးလင်းရင် ဒီထက်ပိုငိုရဦးမှာလို့ ကျိတ်ပြောနေတာ။ အခုလည်း သာဝရေ ပေါက်တက်ကရတွေပြောထား ပြောထား နောက်ဆို အရူးချေးပန်းစကားတွေ ဒီထက်ပိုပြောရဦးမှာ အသေအချာပဲ။

အမေရိကန်အမျိုးသားကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ဥပဒေ (NDAA 2023)ကို အမေရိကန် အထက်လွှတ်တော်က ထောက်ခံမဲ ၈၃ မဲ၊ ကန့်ကွက်မဲ ၁၁ မဲနဲ့ အတည်ပြုလိုက်ပြီလို့ သတင်းမှာ တွေ့လိုက်တယ်။ နည်းပညာ အကူအညီတွေ လာမယ်။ မတရားအာဏာသိမ်း အာဏာရူးတွေအတွက် အိပ်ပျက်ညတွေ တညပြီးတည၊ တရက်ပြီးတရက် ပိုတိုးလာနေပြီဖြစ်တယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်အားတွေ မဝေးတော့တဲ့အချိန်မှာ ကြုံတွေ့ရတော့မှာဖြစ်တယ်။ အာဆီယံကလှုပ်၊ အမေရိကန်ကအုပ်နဲ့ အာဏာရူးတွေပြုတ်ဖို့ နိုင်ငံတဝန်းက  ပြည်သူတွေ ၂ နှစ်တာကာလအထိ အလူးအလဲ ဒုက္ခသောကတွေ ခံစားပြီးခဲ့ပြီ။ နောက်ဆုံးအချိန်တော့မယ် နွေဦးတော်လှန်အရှိန်အဟုန်လည်း ပိုပြင်းထန်လိမ့်မယ်။ အဲ့ဒီအတွက် ကြိုတင်ပြင်ဆင် အားမွေးထားကြဖို့ လိုပါတယ်။

အကောင်းလာချင်ရင် ရှေ့က အဆိုးခံပါတယ်။ အဆိုးတကာ့ အဆိုးဆုံးတွေကို နိုင်ငံသူ နိုင်ငံသားတိုင်း ခါးစည်းခံခဲ့ရပြီးပါပြီ။ အမှောင်တကာ့ အမှောင်ဆုံးကာလ လွန်မြောက်ရင် အလင်းရောင်ဆိုတာ ပေါ်လာရစမြဲပါ။ မကြာခင် အမှောင်ဆုံးကာလ လွန်မြောက်လို့ ရောင်နီသာတဲ့ နေ့သစ်ကို မြင်တွေ့ကြရတော့မှာမို့ သာဝပြောသမျှ ဟာသပြက်လုံးတွေကို နားထောင်ရယ်မောရင်း အလင်းရောင်မလာခင် အားတင်းကြပါလို့ပြောရင်း သာယာလှပတဲ့ နိုင်ငံသစ်ဆီသို့ ချီတက်ကြပါစို့ ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013