
ညောင်ဦးကမ်းပါး ပြို၍ စမ္ပာနဂိုရ်မှာ နွားမပေါင်ကျိုးခြင်း
အမေရိကန်ရဲ့ အီရန်စစ်ပွဲဟာ ရေနံစျေးကနေ လယ်ကွင်းတွေထဲအထိ ကမ္ဘာကိုရော မြန်မာနိုင်ငံအပေါ်မှာပါ ဘယ်လိုသက်ရောက်လာသလဲ ဆိုတာ လေ့လာကြည့်ကြမှာဖြစ်ပါတယ်။
“ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး ဆိုသလို အဝေးကြီး အနေသာကြီး ဘာမှ မဆိုင်ဘူးလို့ ထင်စရာရှိပေမဲ့ တကယ်တမ်းမှာတော့ Butterfly effect လို့ခေါ်တဲ့ လိပ်ပြာတောင်ပံခတ် အကျိုးသက်ရောက်မှုတွေ ကြီးကြီးမားမားရှိနေပါတယ်။
အရှေ့အလယ်ပိုင်းက စစ်ပွဲဟာ ဒုံးကျည်တွေ၊ ရေနံတင်သင်္ဘောကြီးတွေ၊ ရေနံစျေးနှုန်းတွေနဲ့ စခဲ့တာပါ။ ဒါပေမဲ့ ကီလိုမီတာ ထောင်ချီအဝေးမှာရှိနေတဲ့ အာရှ၊ အာဖရိ၊ လက်တင်အမေရိကနဲ့ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးသူတွေအတွက်ပါ ခေါင်းခဲစရာဖြစ်လာစေခဲ့ပြီဖြစ်ပါတယ်။
စက်တွေလည်ဖို့ ဆီလောက်ပါ့မလား၊ စိုက်ဖို့ပျိုးဖို့ ဓာတ်မြေဩဇာလောက်ရဲ့လား၊ စားဖို့ရော လောက်ငကြပါတော့မလား။
ဆီဈေးတခုတည်း ပြဿနာတက်နေတာ မဟုတ်ပါဘူး။ စားနပ်ရိက္ခာဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဟော်မုဇ်က စတဲ့ ပြဿနာဟာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကနေ အငတ်ဘေးဆီကို ဦးတည်သွားနိုင်ပါတယ်။
အပိုင်း ၁ - ဟော်မုဇ်ဘာကြောင့်အရေးကြီးသလဲ
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာမှာ အရေးအပါဆုံး ရေလမ်းကြောင်းဖြစ်ပါတယ်။ ကျဉ်းမြောင်းတယ်၊ စည်ကားတယ်၊ မဟာဗျူဟာအရ အန္တရာယ်ကြီးပါတယ်။
လူတွေက ဟော်မုဇ်ကို ရေနံ ပိတ်ဆို့မှတ် (chokepoint) လို့ပဲ ပြောတတ်ကြပါတယ်။ ရေနံတင်သင်္ဘောတွေ ဖြတ်လို့မရရင် ရေနံဈေးတက်မယ်။ ရေနံစျေးတက်ရင် လောင်စာဆီစျေးတက်မယ်။ လောင်စာဆီစျေးကြီးရင်၊ စက်ရုံတွေ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နဲ့ နေ့စဉ် လူနေမှုဘဝအတွက် ပိုကုန်ကျစရိတ်ပိုများလာမှာ ဖြစ်ပါတယ်။
အမေရိကန် တိုက်တဲ့ အီရန်စစ်ပွဲဟာ ဒီထက်ပိုပြီး နက်ရှိုင်းတဲ့ ရိုက်ခတ်မှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဟောမုဇ်ဟာ စားနပ်ရိက္ခာဖူလုံရေး ပိတ်ဆို့မှတ် (food security chokepoint) တခုလည်း ဖြစ်နေပါတယ်။
ဒီရေလမ်းကြောင်းကနေ ရေနံနဲ့ဓာတ်ငွေ့တွေ ဖြတ်သန်းရုံသာမကဘဲ၊ နိုင်ငံတကာကို တင်ပို့ရောင်းချနေတဲ့ ဓာတ်မြေဩဇာ ၃၀ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာကုန်ကြမ်းနဲ့ ဓာတ်မြေဩဇာ ထုတ်ဖို့လိုအပ်တဲ့ စွမ်းအင်တွေပါ ဖြတ်သန်းနေပါတယ်။
ပင်လယ်ကွေ့မှာ သင်္ဘောတွေ ရှေ့မဆက်နိုင်ဖြစ်ရာကနေ စမယ်။ အဲဒီကမှ ဓာတ်မြေဩဇာစက်ရုံတွေဆီ သက်ရောက်မယ်။ အဲဒီကမှ လယ်သမားတွေဆီ။ လအတန်ကြာတဲ့အချိန်ကျရင်တော့ စျေးကွက်ထဲက စားသုံးသူတွေ ဆီ တိုက်ရိုက်သက်ရောက်လာပါတယ်။
မေလအစောပိုင်းအထိ၊ အခြေအနေတွေက မတည်ငြိမ်သေးပါဘူး။ အီရန်အပေါ် ကနဦး အကြီးစားစစ်ဆင်ရေးဖြစ်တဲ့ Operation Epic Fury အဆုံးသတ်သွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အတည်ပြုပါတယ်။ ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို လမ်းကြောင်းပြ ကယ်ထုတ်ဖို့ အမေရိကန်က 'Project Freedom' စီမံကိန်းကို စတင်ခဲ့ပေမဲ့၊ အီရန်နဲ့ သဘောတူညီချက်ရဖို့ “ကြီးမားတဲ့တိုးတက်မှုတွေ” (Great Progress) ရှိလာလို့ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီစီမံကိန်းကို မေ ၅ ရက်မှာ ဆိုင်းငံ့လိုက်ပြန်ပါတယ်။ အီရန်နိုင်ငံပိုင်မီဒီယာတွေကတော့ ဒါဟာ အမေရိကန်တွေ ဆက်တိုက်ရှုံးနိမ့်နေတာကြောင့် ဆုတ်ခွာသွားတာဆိုပြီးတော့ အောင်ပွဲခံနေကြပါတယ်။ ဒါပေမဲ့ အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှာဖြစ်တယ်လို့ သမ္မတ ထရမ့်ပ်က ပြောထားပါတယ်။
ရေလက်ကြားက လုံးလုံးပိတ်တာလည်း မဟုတ်၊ ဖွင့်တာလည်းမဟုတ် ဗန်းစကားနဲ့ ပြောရရင် “မမဆောင်း” ဖြစ်နေပါတယ်။ သံတမန်ရေး အလားအလာ အားကောင်းလာပေမဲ့ ဟော်မုဇ်ကို ရေရှည်ပြန်ဖွင့်နိုင်မှာလား၊ စစ်ပွဲကြီး တကယ်ပြီးမှာလား ဆိုတာ ကံသေကံမ မပြောနိုင်သေးပါဘူး။
အပိုင်း ၂ - ရေနံ - ဓာတ်မြေဩဇာ - အစားအစာ ကွင်းဆက်
အမေရိကန်က အီရန်ကို တိုက်တဲ့ စစ်ပွဲဟာ စားနပ်ရိက္ခာဈေးနှုန်းအပေါ် ဘယ်လို သက်ရောက်သလဲဆိုတာ သိဖို့ဆိုရင် ဓာတ်မြေဩဇာအကြောင်းကို နားလည်ဖို့လိုပါတယ်။
ခေတ်သစ်လယ်ယာလုပ်ငန်းဟာ ဓာတ်မြေဩဇာအပေါ် အင်မတန်မှီခိုနေရပါတယ်၊ အထူးသဖြင့် ယူရီးယားလို နိုက်ထရိုဂျင်ဓာတ်မြေဩဇာအပေါ် မှီခိုနေရပါတယ်။
သီးနှံတွေ မြန်မြန်ကြီးထွားဖို့၊ အထွက်နှုန်းကောင်းဖို့ ယူရီးယားက ကူညီပေးပါတယ်။ စပါး၊ ပြောင်း၊ ဂျုံနဲ့ သီးနှံအမျိုးမျိုးအတွက် ဓာတ်မြေဩဇာက အထွက်နှုန်း၊ အကောင်းအဆိုး ကွာခြားစေတဲ့ သွင်းအားစု ဖြစ်ပါတယ်။
သဘာဝဓာတ်ငွေ့က အမိုးနီးယားလုပ်ဖို့အတွက် ကုန်ကြမ်း ဖြစ်ပါတယ်။ အဲဒါကို သုံးပြီးတော့ ယူရီးယားနဲ့ တခြား နိုက်ထရိုဂျင်ဓာတ်မြေဩဇာတွေ ထုတ်ရပါတယ်။ အဲဒီဓာတ်မြေဩဇာကိုပဲ စက်ရုံတွေကနေ ဆိပ်ကမ်းတွေ၊ ဆိပ်ကမ်းတွေကနေ ကုန်ရုံတွေ၊ ကုန်ရုံတွေကနေ လယ်ထဲအထိ သယ်ဖို့လောင်စာဆီကိုပဲ သုံးရပြန်ပါတယ်။
ဒါကြောင့် ရေနံနဲ့ ဓာတ်ငွေ့စျေးတက်ရင်၊ ဓာတ်မြေဩဇာဈေးလည်း တက်မယ်။ သင်္ဘောပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ရင်၊ ဓာတ်မြေဩဇာတင်ပို့မှု နှေးသွားမယ်။ ပြတ်လပ်မှာ ကြောက်တဲ့အခါ အစိုးရတွေက ပို့ကုန်ကို ကန့်သတ်လာမယ်။ အဲဒီလိုနဲ့ စွမ်းအင်အကျပ်အတည်းကနေ စိုက်ပျိုးရေးသွင်းအားစုအကျပ်အတည်း ဖြစ်လာပါတယ်။
စားနပ်ရိက္ခာအကျပ်အတည်းဟာ ချက်ချင်းကြီးတော့ ဖြစ်လာချင်မှ လာပါလိမ့်မယ်။ ဒီကနေ့အထိ ဈေးဆိုင်တွေမှာ စားသောက်ကုန်တွေ ပြည့်နေနိုင်ပါတယ်။ ဆန်ကလည်း ရှိပါသေးတယ်။
ဒါပေမဲ့ လယ်သမားတွေသာ စိုက်ပျိုးရာသီမှာ ဓာတ်မြေဩဇာဖိုး မတတ်နိုင်ရင်၊ ရိတ်သိမ်းတဲ့အချိန်ကျမှ တကယ့် ထိခိုက်မှုက ပေါ်လာနိုင်ပါတယ်။ ဓာတ်မြေဩဇာအသုံးနည်းရင် အထွက်နည်းမယ်။ အထွက်နည်းရင် စားသောက်ကုန်ဈေးကြီးပါလိမ့်မယ်။ စားသောက်ကုန် ဈေးကြီးရင် ငတ်မွတ်မှု ပိုများမယ်၊ အထူးသဖြင့် ဝင်ငွေအများစုကို စားဖို့အတွက်ပဲ သုံးနေရတဲ့ နိုင်ငံတွေက မိသားစုတွေ အခက်ကြုံလာနိုင်ပါတယ်။
အပိုင်း ၃ - တရုတ်ပိတ်ဆို့မှုနဲ့ အာရှဆန်အိုးကြီး
ဒီဂယက်က ဟော်မုဇ်မှာတင် ရပ်မနေပါဘူး။ ဓာတ်မြေဩဇာ အထောက်အပံ့ကျပ်တည်းလာချိန်မှာ နိုင်ငံအများအပြားက တရုတ်ကို မျှော်ကြည့်ကြပါတယ်။
တရုတ်မှာ ကမ္ဘာ့ဓာတ်မြေဩဇာထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်း ထွက်ရှိပြီး၊ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ဖိုး တင်ပို့ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ပုံမှန်အချိန်ဆိုရင်တော့ သူတို့က ထောက်ပံ့ရေးလိုအပ်ချက်ကို ဖြည့်ပေးနိုင်ပါတယ်။
ဒါပေမဲ့ တရုတ်က ကယ်တင်ရှင်လုပ်ဖို့ စိတ်မဝင်စားပါဘူး။ ပြည်တွင်းဈေးကွက်ကို ကာကွယ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
တရုတ်လယ်သမားတွေ အလုံအလောက် ရနိုင်ဖို့၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုကို ကာကွယ်ဖို့ ဓာတ်မြေဩဇာတင်ပို့မှု အမျိုးအစားပေါ် လိုက်ပြီးတော့ ၅၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်းအထိ ကန့်သတ်ထားပါတယ်။
ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဟာ ဓာတ်မြေဩဇာတင်သွင်းမှုကို အားထားနေရတာပါ။ တချို့က တရုတ်က အဓိကသွင်းပြီး တချို့နိုင်ငံတွေကျ ပင်လယ်ကွေ့က သွင်းပါတယ်။ တချို့ကျတော့ နှစ်ဖက်စလုံးက သွင်းပါတယ်။ ဒါကြောင့် အန္တရာယ်ကွင်းဆက်ကြီး ဖြစ်လာပါတယ်။
ဖိလစ်ပိုင် စားသုံးသူတွေက ဗီယက်နမ်ဆန်ကို အဓိကအားကိုးပါတယ်။ ဗီယက်နမ်လယ်သမားတွေက တင်သွင်းရတဲ့ ဓာတ်မြေဩဇာကို အားကိုးပါတယ်။ ထိုင်းလယ်သမားတွေလည်း စပါးအထွက်နှုန်း တည်ငြိမ်အောင် ဓာတ်မြေဩဇာနဲ့ လောင်စာဆီ လိုအပ်ပါတယ်။ ဓာတ်မြေဩဇာက အရမ်းဈေကြီးသွားရင် လယ်သမားတွေ လျှော့သုံးရနိုင်ပါတယ်။ လျှော့သုံးရင် အထွက်နှုန်းကျမယ်။ အထွက်နှုန်းကျရင် စပါးဈေးတက်လာနိုင်ပါတယ်။
ဒါကြောင့် အကျပ်အတည်းက ဟော်မုဇ်ကနေ သင်္ဘောတွေ ဖြတ်နိုင်၊ မဖြတ်နိုင်ထက် ပိုကြီးလာပါတယ်။ လယ်သမားတွေ ဒီရာသီ အဆင်ပြေပြေ စိုက်ပျိုးနိုင်ပါ့မလား ဆိုတာ အရေးကြီးပါတယ်။ ဒီသက်ရောက်မှုကို အခုချက်ချင်းတော့ ကမ္ဘာကြီးက ခံစားမိဦးမှာ မဟုတ်ပါဘူး။ ဒီနှစ်ကုန်လောက်မှ ခံစားလာရနိုင်ပါတယ်။
အပိုင်း - ၄ - စားနပ်ရိက္ခာအကျပ်အတည်း ဘယ်သူတွေ စထိခိုက်နိုင်သလဲ
ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဆိုတာ သာတူညီမျှ ကြုံတွေ့ရတာမျိုး မဟုတ်ပါဘူး။ ချမ်းသာတဲ့နိုင်ငံတွေက ပိုပေးနိုင်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက မပေးနိုင်ပါဘူး။
အကြီးစား တောင်သူလယ်သမားတွေက ပိုက်ဆံချေးငှားပြီးဖြစ်စေ၊ ဓာတ်မြေဩဇာသုံးစွဲမှု နည်းနည်းလျှော့ပြီးဖြစ်စေ ရပ်တည်နိုင်ပါတယ်။ ဒါပေမဲ့ အသေးစား တောင်သူတွေကတော့ စိုက်ပျိုးဖို့ကို မဖြစ်နိုင်တဲ့အခြေအနေရောက်သွားနိုင်ပါတယ်။
ဥရောပမှာဆိုရင်တော့ အစိုးရတွေက လယ်သမားတွေအတွက် လောင်စာနဲ့ ဓာတ်မြေဩဇာ ထပ်တိုးကုန်ကျစရိတ်တွေကို ထောက်ပံ့ကူညီတာတွေ စတင်လုပ်ဆောင်နေပါပြီ။ ဒါပေမဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ဒီလိုမျိုး ကူညီမှုမျိုးရှိမနေပါဘူး။ ကိုယ့်ဖို့ပဲကြည့်ပြီး ကိုယ့်အိတ်ထဲပဲ ထည့်တဲ့ သူခိုးတွေ အာဏာလုထားတဲ့ နိုင်ငံမျိုးမှာ ပိုဆိုးနိုင်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ဓာတ်မြေဩဇာကုမ္ပဏီဖြစ်တဲ့ Yara International ရဲ့ အကြီးအကဲကတော့ ဓာတ်မြေဩဇာ ရောင်းချမှုမှာ ကမ္ဘာ့လေလံပုံစံမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ရှင်းအောင်ပြောရရင်၊ ပိုက်ဆံအများဆုံးပေးနိုင်တဲ့သူပဲ ဓာတ်မြေဩဇာရတော့မဲ့ သဘောပါ။ အဲဒီလိုဖြစ်လာရင် အဆင်းရဲဆုံးနိုင်ငံတွေ အရင်ဆုံး အထိနာမှာပါ။
ဒီအထဲမှာ အာဖရိကတိုက်က အထိအနာဆုံးနေရာတွေထဲက တခု ဖြစ်လာပါတယ်။ အာဖရိကနိုင်ငံ အများအပြားမှာ နဂိုကတည်းက စားနပ်ရိက္ခာတင်သွင်းရတဲ့ စရိတ်ကြီးတာ၊ ငွေတန်ဖိုးအားနည်းတာ၊ မြေဆီဩဇာမကောင်းတာ၊ လယ်သမားတွေအတွက် အစိုးရအထောက်အပံ့ အကန့်အသတ်ရှိတာတွေ ကြုံထားရပြီး ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခသာ ဆက်ဖြစ်နေပြီးတော့ ရေနံဈေးသာ ဆက်မြင့်နေမယ်ဆိုရရင်၊ ဒီနှစ်ထဲမှာ ပြင်းထန်စားနပ်ရိက္ခာမလုံခြုံမှု၊ အရပ်စကားနဲ့ ပြောရရင် ငတ်သေနိုင်တဲ့ အခြေအနေ ရင်ဆိုင်ရသူ နောက်ထပ် လူ ၄၅ သန်းနီးပါး တိုးလာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားပါတယ်။
ဆိုလိုတာက အငတ်ဘေးဟာ စစ်မြေပြင်မှာတင်မကဘဲ ဟိုးအဝေးကြီးမှာပါ တိုးလာနိုင်ပါတယ်။ လူတိုင်းဟာ သူတို့နဲ့မဆိုင်တဲ့ စစ်ပွဲတစ်ပွဲရဲ့ ဆိုးကျိုးကို အနည်းနဲ့အများ ခံစားကြရမှာပါ။
အပိုင်း ၅ - လက်တင်အမေရိကမှာ အထွက်နှုန်းလျော့ခဲ့ရင်
ဒီအကျပ်အတည်းက လက်တင်အမေရိက ကိုလည်း ရောက်လာပါတယ်။ ဘရာဇီးနဲ့ အာဂျင်တီးနား ဟာ ကမ္ဘာမှာ စားနပ်ရိက္ခာအဓိက တင်ပို့သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်နိုင်ငံပေါင်းလိုက်ရင် ကမ္ဘာ့ ပဲပုပ်တင်ပို့မှု ၆၆ ရာခိုင်နှုန်း၊ ပြောင်းတင်ပို့မှု ၃၉ ရာခိုင်နှုန်း၊ ဂျုံတင်ပို့မှု ၁၀ ရာခိုင်နှုန်းရှိပါတယ်။ တဖက်မှာတော့ သူတို့ကိုယ်တိုင်က ဓာတ်မြေဩဇာတင်သွင်းမှုကို အကြီးအကျယ်မှီခိုနေရပါတယ်။
ဒါကြောင့် ဓာတ်မြေဩဇာစျေးတက်ရင်၊ လိုသလောက်မရရင် ပြဿနာရှိပါတယ်။ ဘရာဇီးနဲ့ အာဂျင်တီးနားမှာ ဓာတ်မြေဩဇာ လျှော့သုံးရနိုင်ခြေရှိတဲ့အတွက်၊ ဓာတ်မြေဩဇာ လိုအပ်မှုနည်းတဲ့ သီးနှံတွေကို ဦးစားပေးတာ ဒါမှမဟုတ် လျှော့စိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့ International Food Policy Research Institute က ခန့်မှန်းထားပါတယ်။
အဲဒါက တကမ္ဘာလုံး ကို ရိုက်ခတ်မှာပါ။ စားနပ်ရိက္ခာသီးနှံ အဓိက တင်ပို့တဲ့နိုင်ငံတွေမှာ ကုန်ထုတ်လုပ်မှု နည်းရင်၊ အခုအကျပ်အတည်းဟာ လယ်ယာသွင်းအားစုပြဿနာကနေ ကမ္ဘာ့ရိက္ခာအထောက်အပံ့ ပြဿနာဆီကို ဦးတည်လာနိုင်ပါတယ်။
အခုထိတော့ ဟိုးအရင် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းတွေတာလိုမျိုး ကမ္ဘာ့နှံစားပင် ထောက်ပံ့မှု အရမ်းမကျပ်တည်းသေးပါဘူး။ ကမ္ဘာ့အငတ်ဘေးဇာတ်လမ်းကြီးမျိုးလည်း မဖြစ်သေးပါဘူး။ ဒါပေမဲ့ သတိပေးသံတွေတော့ ညံလာပါပြီ။ စစ်က ဆက်ဖြစ်နေမယ်၊ ဟော်မုဇ်က မငြိမ်မသက် ဆက်ဖြစ်နေမယ်၊ ဓာတ်မြေဩဇာက ဆက်ဈေးကြီးနေမယ်၊ ရာသီဥတုက ပိုဆိုးလာမယ်ဆိုရင် ၂၀၂၆ နှောင်းပိုင်းမှာ ခက်ခဲလာနိုင်ပါတယ်။
အပိုင်း ၆ - မြန်မာပြည်နဲ့ နှစ်ထပ်ကွမ်းပြဿနာ
ပြည်တွင်းစစ်၊ စီးပွားရေး ပြိုလဲမှု၊ ငွေကြေးဖောင်းပွမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှု၊ စားနပ်ရိက္ခာ မဖူလုံမှု အန္တရာယ်တွေကို မြန်မာနိုင်ငံမှာ လက်ရှိခံစားနေရပြီး ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် အီရန်စစ်ပွဲ ဆိုတာက နောက်ထပ် ရေနစ်ရာဝါကူးထိုးတဲ့ ပြဿနာအသစ်ပါ။ ကမ္ဘာ့ဆီဈေး တက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက လယ်သမားတွေ ဒီဇယ်ရဖို့ ခက်ခဲနေပြီးတော့ ပြည်တွင်းမှာ လုံလုံလောက်လောက် မထောက်ပံ့နိုင်ပါဘူး။ လယ်ယာသုံးစက်ကိရိယာနဲ့ မီးစက်အတွက် ဆီရဖို့ နာရီနဲ့ချီ၊ တခါတလေ ရက်နဲ့ချီပြီးတော့ တန်းစီနေရပါတယ်။
လောင်စာဆီ ဆိုတာက လယ်ယာစိုက်ပျိုးရေးမှာ ဇိမ်ခံပစ္စည်း မဟုတ်ပါဘူး။ လယ်ထွန်စက်အတွက်လည်း ဆီလိုတယ်။ ရေသွင်းဖို့လည်း ဆီလိုတယ်။ မီးမလာတော့ လောင်စာဆီက ပိုလိုပါတယ်။ လယ်ထဲကနေ ဆန်စက်ကို သယ်ဖို့လည်း ဆီလိုပါတယ်။ လောင်စာဆီ ရှားရင် စိုက်ပျိုးရေးမှာ နှေးကွေးလာပါတယ်။ အထွက်နှုန်းအပေါ်ပါ သက်ရောက်လာနိုင်ပါတယ်။
လောင်စာဆီတင်မကဘူး ဓာတ်မြေဩဇာပြဿနာလည်း ကြီးမားပါတယ်။ မြန်မာနိုင်ငံဟာ တင်သွင်းလာတဲ့ ယူရီးယားကို အဓိက မှီခိုရတာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အီရန်ဟာ မြန်မာရဲ့ အဓိက ယူရီးယားထောက်ပံ့သူ ဖြစ်ခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အခြေအနေက ပိုစိုးရိမ်စရာ ဖြစ်လာပါတယ်။ စစ်ပွဲကြောင့် ထောက်ပံ့မှု မငြိမ်တဲ့အချိန်မှာ တရုတ်ကလည်း ဓာတ်မြေဩဇာ တင်ပို့တာ ကန့်လိုက်တော့ နှစ်ထပ်ကွမ်း ပြဿနာတက်လာရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက တောင်သူလယ်သမားတွေအတွက်ကတော့ ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်ပြီး ကန့်သတ်ခံနေရတာ ဟော်မုဇ်ပြဿနာမတိုင်ခင်ကတည်းက ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်မြေဩဇာ တင်သွင်းမှုကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်မြေဩဇာ တင်ပို့တဲ့ တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်တွေမှာ ဓာတ်မြေဩဇာတင်သွင်းလာတဲ့ ကားတွေကို စပြီး ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီက တောင်သူတွေတောင် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောထားပါတယ်။
ဆီစျေးနဲ့ သွင်းအားစုဈေးတွေတက်တာကြောင့် မိုးစပါးအတွက် ပြင်နေကြတဲ့ မြန်မာလယ်သမားတွေအတွက် အခုကတည်းကိုက ဖိအားအကြီးကြီး ကြုံနေရပြီလို့ WFP က သတိပေးပါတယ်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ မနှစ်ကထက် ၂ ဆ ပိုတိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ မြန်မာ့လူဦးရေ ၄ ပုံ ၁ ပုံ ဟာ နဂိုကတည်းက ပြင်းထန်ငတ်မွတ်မှု အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာ ဓာတ်မြေဩဇာ စျေးကြီးရင် အမြတ်နည်းတာပဲ ရှိနိုင်ပါတယ်။ မြန်မာမှာကတော့ လယ်သမားတွေ စိုက်ပျိုးမှုနည်းရင်၊ အထွက်နှုန်းနည်းမယ်၊ ဈေးကြီးမယ်၊ တချို့တွေမှတော့ လိုအပ်တဲ့အချိန် မဝယ်နိုင်၊ မသုံးနိုင်လို့ စိုက်ကို မစိုက်နိုင်တဲ့ အခြေအနေအထိ ရောက်လာနိုင်ပါတယ်။
ပုံမှန်မိသားစုတွေအတွက် ဆန်ဈေးကြီးမယ်၊ ဟင်းချက်ဆီ ဈေးကြီးမယ်၊ ပို့ဆောင်ဆက်သွယ်ရေး စရိတ်ကြီးလာမှာ ဖြစ်သလို လုပ်ခလစာက အမှီလိုက်နိုင်ဖို့ ရှိမနေပါဘူး။ စစ်ဘေးရှောင်တွေ၊ စစ်ဖြစ်နေတဲ့နေရာတွေ၊ ငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေမှာတော့ ပိုဆိုးနိုင်ပါတယ်။
မြန်မာနိုင်ငံက စားနပ်ရိက္ခာအကျပ်အတည်းက အီရန်စစ်ပွဲတခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ် အရှိန်မြင့်လာတာ၊ စီးပွားရေးကျဆင်းလာတာ၊ လောင်စာဆီ ပြတ်တောက်တာတွေကြောင့် ကြုံခဲ့ရပြီး အကျပ်အတည်းက အခု ပိုဆိုးလာတာလို့ ဆိုရမှာပါ။
အပိုင်း ၇ - ချက်ချင်းမထိရင်တောင် ကြိုပြင်ဖို့လိုပြီ
ဒီအကျပ်အတည်းကို ရှင်းပြဖို့ခက်တဲ့ အကြောင်းပြချက်တခုကတော့ ချက်ချင်းမြင်သာတဲ့ ကိစ္စမျိုး မဟုတ်တာပါ။ ရေနံဈေးတို့၊ ရေကြောင်းသယ်ယူမှုစရိတ်တို့က ဈေးတက်ရင် မြန်မြန်တက်ပါတယ်၊ လောင်စာဆီ တန်းစီရတယ်၊ မလုံလောက်ဘူး ဆိုတာကလည်း မြင်သာပါတယ်။ ဒါပေမဲ့ စားနပ်ရိက္ခာ အကျပ်အတည်း ဆိုတာကကျတော့ တဖြည်းဖြည်းချင်း ဖြစ်လာတာမျိုးပါ။
လယ်သမားတယောက်က ဒီနေ့မှာ မြေဩဇာလျှော့ဝယ်ဖို့ ဆုံးဖြတ်လိုက်မယ်။ ပျိုးပင်တွေကတော့ ပေါက်လာမှာပါပဲ။ ဈေးကွက်ကလည်း ပုံမှန်အတိုင်းလို ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ရိတ်သိမ်းချိန်ရောက်မှ အထွက်နှုန်းနည်းတာမျိုး ဖြစ်လာမယ်။ စိုက်ပျိုးချိန် တချိန် မစိုက်နိုင်ဘဲ လွတ်သွားရင်လည်း အထွက်နှုန်းလျော့ဖို့က သေချာသွားပါပြီ။
ဒါက အဆိုးကျော့စက်ဝန်းတခု ဖြစ်လာစေပါတယ်။ လောင်စာဈေးနဲ့ ဓာတ်မြေဩဇာဈေးတက်လို့ အထွက်နှုန်းလျော့၊ စားသောက်ကုန်ဈေးကြီး၊ အကြွေးပိုတင်၊ ငတ်မွတ်မှု ပိုဆိုး ဆိုတာမျိုးပါ။ ဒီလိုကနေ ကာလတို ပဋိပက္ခတခုဟာ ရေရှည်စားနပ်ရိက္ခာအကျပ်အတည်းကို ဖန်တီးလာနိုင်ပါတယ်။ အစိုးရတွေ အာဏာပိုင်တွေဘက်က အသေးစား လယ်သမားတွေကို ပစ်မှတ်ထားကူညီတာ၊ ထောက်ပံ့ ကွင်းဆက်တွေကို ကာကွယ်တာ၊ အဆင်းရဲဆုံးမိသားစုတွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှု တိုးချဲ့ပေးတာတွေ လုပ်ဖို့ လိုအပ်နေပါတယ်။
စားနပ်ရိက္ခာလုံခြုံမှု ဆိုတာက စိုက်ပျိုးရေးပြဿနာသက်သက် မဟုတ်တော့ပါဘူး။ စွမ်းအင်ပြဿနာ၊ ရေကြောင်းပို့ဆောင်ရေးပြဿနာ၊ ဘဏ္ဍာရေးပြဿနာ၊ မြန်မာနိုင်ငံလို ကျိုးပျက်လွယ်တဲ့ နိုင်ငံမျိုးမှာဆိုရင် ငြိမ်းချမ်းရေးနဲ့ ရှင်ကျန်ရေးပြဿနာတရပ်ပါ ဖြစ်လာပါပြီ။
နိဂုံး
အမေရိကန်-အီရန် သဘောတူညီချက်ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ဆက်တွဲဂယက်တွေ ကတော့ အချိန်အတော်ကြာ ရိုက်ခတ်နေဦးမှာ ဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာကတော့ ကမ္ဘာ့စားနပ်ရိက္ခာစနစ်ဟာ ကမ္ဘာ့စွမ်းအင်စနစ်နဲ့ ခွဲမရအောင် ချိတ်ဆက်နေတယ် ဆိုတဲ့ အချက်ပါပဲ။
အီရန်စစ်ပွဲမှာ ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ ဒရုန်းတွေနဲ့ ချကြတာပါ။ ဒါပေမဲ့ အကျိုးဆက်ကိုတော့ ဓာတ်မြေဩဇာအိတ်တွေ၊ စပါးအထွက်နှုန်းတွေ၊ စားသောက်ကုန်ဈေးနှုန်းတွေ၊ ဆာလောင်နေတဲ့ မိသားစုဝင်တွေနဲ့ တိုင်းတာရတာဖြစ်ပါတယ်။
အကုန်ချိတ်ဆက်နေတဲ့ ဒီကနေ့ ခေတ်ကမ္ဘာမှာ ပိတ်ဆို့နေတဲ့ ရေလမ်းကြောင်းတခုဟာ ခြောက်သယောင်းနေတဲ့ လယ်ကွင်းတခု ဖြစ်လာနိုင်ပါတယ်။ ခြောက်သယောင်းနေတဲ့ လယ်ကွင်းတခုဟာလည်း ငတ်မွတ်ခေါင်းပါးမှုရဲ့ နိမိတ်ပုံ ဖြစ်လာနိုင်ပါတယ်။ ဟော်မုဇ်နဲ့ကတော့ အဝေးကြီးပါပဲ။ ဒါပေမဲ့ အကျိုးဆက်တွေက ရန်ကုန်က ထမင်းဝိုင်းထဲအထိ၊ စစ်ကိုင်းက ရွာလေးတရွာအထိ၊ ရခိုင်က ဈေးထဲအထိ၊ ဧရာဝတီက လယ်ကွင်းထဲအထိ သက်ရောက်လာနိုင်ပါတယ်။










