
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပေါက်တောချေရွာမှာ အမျိုးသားတယောက် ပေါက်တူးနဲ့ ခုတ်သတ်ခံရပြီး သံသယရှိသူကို ဖမ်းဆီးထားတယ်လို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ အသက် ၄၈ နှစ်အရွယ် ဦးကျော်သန်းချေ (ခ) ဦးအောင်ကြွပ် ဖြစ်ပြီး ဇူလိုင် ၂၀ ရက်က ပေါက်တောချေရွာ ဘုန်းကြီးကျောင်းကို သွားတဲ့လမ်းမှာ နားခေါင်း၊ နားရွက်နဲ့ လည်ပင်းတွေမှာ ပြတ်ရှဒဏ်ရာတွေရရှိကာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဒေသခံအမျိုးသမီး တယောက်က “မိသားစုတွေက အစကထင်တာ၊ ဝက်ရူးပြန်ရောဂါကြောင့် လဲကျပြီး သေတယ် ထင်တာ။ ဒါပေမဲ့ သေတဲ့ပုံစံက ဒဏ်ရာတွေနဲ့ဆိုတော့ ဒီလပ်ကို တိုင်ထားလို့ အသတ်ခံရမှန်းသိတာ” လို့ ပြောပါတယ်။
ရခိုင်မှာ လူသတ်မှု၊ လုယက်မှု၊ ခိုးမှုတွေ ဖြစ်နေတာဟာ အရက်နဲ့ မူးယစ်ဆေးကြောင့် အဖြစ်များပြီး အခုလိုမျိုး သတ်ဖြတ်ခံရမှုအပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ရသေ့တောင် ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
“ဟိုတလောကဆို ဂွ ဘက်မှာ အမျိုးသမီးတယောက် လုယက် သတ်ဖြတ်ခံရတယ်။ ကျောက်တော်မှာလည်း ဒီလို ဓားပြတိုက်ခံရလို့ ပစ္စည်းယူပြီး အသတ်ခံရတာ ရှိခဲ့တယ်။ ဒါတွေက မူးယစ်ဆေးနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေလို့။ အခုလည်း ဒီအရက်သေစာ သောက်စားလို့ မဖြစ်သင့်တာ ဖြစ်ကြရတယ်။ အလကားနေ လူ့အသက်တွေ ဆုံးရှုံးရတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ကိုယ့်လူမျိုးအချင်းချင်း ဖြစ်နေတာဆိုတော့” လို့ ပြောပါတယ်။
ဦးကျော်သန်းချေ ကို ခုတ်သတ်ခဲ့သူကတော့ ကျောက်ဆုံရွာက ဦးသန်းဝင်း ဖြစ်ပြီး အရက်သောက်စားပြီး ပြန်လာရာကနေ အချင်းချင်းစကားများပြီး အခုလို ပေါက်တူးနဲ့ ပြန်ပေါက်ခဲ့တာလို့ ကျူးလွန်သူ ဦးသန်းဝင်းကို ဒီလပ်က စစ်ဆေးရာမှာ ဝန်ခံထွက်ဆိုပါတယ်။
စကားများရန်ဖြစ်ပြီး ဦးကျော်သန်းချေက သစ်ကိုင်းနဲ့ ရိုက်ခဲ့တာကြောင့် စိတ်မထိန်းနိုင်ဘဲ အသင့်ပါလာတဲ့ ပေါက်တူးနဲ့ ခုတ်မိခဲ့တယ်လို့ ဦးသန်းဝင်းက ဝန်ခံထွက်ဆိုထားပါတယ်။
ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ပေါက်တူးကို သိမ်းဆည်းထားပြီး ဦးသန်းဝင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ တရားစွဲတင်နိုင်ရေး ဒီလပ်က ဆက်လက်ဆောင်ရွက်နေပါတယ်။











