DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဧည့်စာရင်းတိုင်ကြားသူများ ဓာတ်ပုံနှင့် ငွေကြေး ပေးဆောင်နေရ
DVB
·
December 19, 2022
ရန်ကုန်တွင် ဧည့်စာရင်းတိုင်ကြားသူများ ဓာတ်ပုံနှင့် ငွေကြေး ပေးဆောင်နေရ
Donate to DVB

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့ရှိ ရပ်ကွက်ရုံးတွေဟာ ဧည့်စာရင်းတိုင်ကြားနေထိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်အပြင် ဓာတ်ပုံ ၂ ပုံပါ တောင်းယူနေပြီး ဧည့်စာရင်းတိုင်ကြားချိန်မှာလည်း မြန်မြန်ဆန်ဆန် ရေးပေးအောင် ပိုက်ဆံပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ဒေသခံတဦးက “ဦးသိန်းစိန်လက်ထက်ကတည်းက ဒီရပ်ကွက်နေတာ၊ အဲ့တုန်းကလည်း တိုင်ရတယ်။ ကိုယ့်စာအုပ်နဲ့ကိုယ် တလပေးတယ်။ ဒီလောက်လည်း အငေါက်မခံရဘူး။ အခုဟာ အိမ်ထောင်စုစာရင်းက ယာယီပဲမို့လို့ ဧည့်စာရင်း သွားတိုင်ပါတယ်။ သူတို့စာရွက်နဲ့ပဲ ရမယ်၊ မိသားစုဓာတ်ပုံ ၂ ပုံ ပေးရမယ်၊ ပိုက်ဆံပေါ်တင်တောင်းတယ်၊ အလှူငွေလို့တောင် မပြောဘူး။ တိုင်ရတာလည်း ရုံးခန်းမှာ မဟုတ်ဘူး၊ ရပ်ကွက်စာရေးမက ရေးပေးတာ၊ တပတ်တခါပဲ ပေးတယ်။ ပိုက်ဆံ ၂,၀၀၀ ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ဘက်မှာလည်း ဧည့်စာရင်းတိုင်ပါက ပြောင်းရွှေ့လာတဲ့ ဒေသ၊ ရပ်ကျေးက ထောက်ခံစာပါမှ ဧည့်စာရင်းပေးနိုင်မယ်လို့ သိရပြီး အဆိုပါရပ်ကွက်တွေမှာ ဧည့်စာရင်းတိုင်ကြားသူတွေက နယ်ကလာတဲ့ စက်ရုံအလုပ်သမားတွေဖြစ်ကြလို့ ကိုယ့်ရပ်ရွာက ထောက်ခံစာ မရတဲ့အတွက် အဆင်ပြေစေဖို့ ရပ်ကွက်ရုံးက စာရေးတွေရဲ့ ပိုက်ဆံတောင်းသလောက် ပေးနေရတယ်လို့ သိရပါတယ်။

ပုလဲမြို့သစ်‌မှာ နေထိုင်သူတဦးက “ညီမတို့ဆို အားလုံး ၄ ယောက် အဆောင်ငှားနေတယ်။ အာဏာမသိမ်းခင်ကတည်းက နေတာ၊ သုံးလေးနှစ် မကတော့ဘူး။ အခု ရွာက လူကြီးတွေလည်း မရှိဘူး၊ ရုံးလည်းမရှိဘူး၊ ပစ်ခတ်နေတော့ ဘယ်သူမှလည်း မလုပ်ရဲဘူးလေ။ အခု ဒီမှာ ကိုယ့်ဒေသက ထောက်ခံစာပါမှ ဆိုပြီး ရစ်နေလို့ ၁၇ ရက်နေ့က တိုင်တာ ၅,၀၀၀ ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မင်္ဂလာလေတပ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရပြီးနောက်ပိုင်း မင်္ဂလာဒုံနဲ့ ထိစပ်မြို့နယ်တွေက ရပ်ကွက်‌ရုံးတွေမှာ စစ်သားတွေ ညတိုင်း အလှည့်ကျစောင့်နေပြီး ဧည့်စာရင်းဝင်စစ်မှုတွေ များလာတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက်ကလည်း မြောက်‌ဥက္ကလာပ၊ ဝေဘာဂီမြို့သစ်မှာ ဧည့်စာရင်း မတိုင်မိတဲ့ ရခိုင်က ဆေးလာကုသူနှစ်‌ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013