DVB Logo
Home
မြန်မာသတင်း
အာဆီယံတွင် မြန်မာက ငွေကြေးဖောင်းပွမှု ဒုတိယအဆိုးရွားဆုံးဖြစ်ဟု ADB ထုတ်ပြန်
DVB
·
December 19, 2022
အာဆီယံတွင် မြန်မာက ငွေကြေးဖောင်းပွမှု ဒုတိယအဆိုးရွားဆုံးဖြစ်ဟု ADB ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနှုန်းက ၂၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အခု ဒီဇင်ဘာလမှ ထုတ်ပြန်တဲ့ အာရှဒေသ စီးပွားရေး အလားအလာ အစီရင်ခံစာမှာဖော်ပြပါတယ်။

အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းရှိရာက ဇွန်လမှာ ၁၉ ဒသမ ၄ အထိ မြင့်တက်ခဲ့တာဖြစ်ပြီး အာဆီယံဒေသထဲမှာတော့ မြန်မာနိုင်ငံက လာအိုပြီးရင် ဒုတိယအဆိုးရွားဆုံးဖြစ်တယ်လို့  ADB အစီရင်ခံစာအရ သိရပါတယ်။  

စစ်တပ်ကအာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၂ ခုနှစ်မှာတော့ ဇွန်လမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၁၉ ဒသမ ၄ ရာခိုင်နှုန်းအထိ စစ်တပ်အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုဟာ ကြောက်ခမန်းလိလိ မြင့်တက်လာတာရှိလာတာ တွေ့ရပါတယ်။

စီးပွားရေးသီအိုရီသဘောအရ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေး ပမာဏနဲ့ ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏတို့ဟာ အချိုးညီတဲ့ အားမျှခြေအပေါ်မှာ ရှိနေဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေး ပမာဏကသာ များနေပြီး ပြည်တွင်းက ထုတ်လုပ်နိုင်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏက နည်းနေတာကြောင့် တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှု ရှိနေပြီလို့ သုတေသီတွေက ဆိုပါတယ်။

စီးပွားရေးသုတေသီတဦးက “တည်ငြိမ်နေတဲ့ကာလတုန်းက မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုက ၇ နဲ့ ၈ ရာခိုင်နှုန်း လောက်ပဲ ရှိခဲ့တယ်။ အဲဒီ့ကနေ ၂၀ ရာခိုနှုန်းနီးနီးဆိုတော့ တော်တော်လေးများတာပေါ့။ သီအိုရီအရ ပြောရင်တော့ ငွေကြေးဖောင်းပွမှုနှုန်းက အနည်းဆုံး ၁၀ ရာခိုင်နှုန်း အောက်မှာသာ ရှိသင့်တယ်ပေါ့နော်။ ဖြစ်နိုင်မယ်ဆိုရင် ၅ ရာခိုင်နှုန်း အောက်သာ ထားရမယ်။ စီးပွားရေးပညာရှင်တွေရဲ့ အမြင်က ၅ ရာခိုင် နှုန်းအောက်သာ ရှိရမယ်။ တကယ်လို့ ၁၀ ရာခိုင်နှုန်းထက်ကျော် လာရင် တိုင်းပြည်မှာ စီးပွားရေးအခက်အခဲ တွေဖြစ်ပေါ်လာစေပြီး အထူးသဖြင့် ပင်စင်စားတွေ အနိမ့်ဆုံး လုပ်ခရတဲ့သူတွေနဲ့ လက်လုပ်လက်စားတွေ ဒီလူတန်းစား သုံးရပ်ကို ထိခိုက်စေတယ်။ အခုတော့ ငွေကြေးဖောင်းပွမှု နှုန်းက ၂၀ ရာခိုင်နှုန်းနီးနီးဆိုတော့ တော်တော်လေးကြောက်စရာ ကောင်းတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင်စစ်အစိုးရဖြစ်တဲ့ နဝတ၊နအဖ ခေတ်မှာ လိုငွေတွေအတွက် ငွေစက္ကူရိုက်နှိပ် ထုတ်ဝေပြီး ဖြေရှင်းခဲ့သလို လက်ရှိ စစ်ကောင်စီကလည်း လိုငွေအတွက် ငွေစက္ကူရိုက်နှိပ်တဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းမှာဖြစ်လို့ ပြည်တွင်းငွေကြေးဖောင်းပွမှုက စိုးရိမ်စရာ ရှိနေပါတယ်။

စီးပွားရေးမူဝါဒရေးရာသုတေသီတဦးကတော့ “အန်အယ်လ်ဒီ လက်ထက်မှာလည်း လိုငွေ ပြခဲ့တာပဲ။ ကိုဗစ်ဖြစ်တော့ ကျန်းမာရေးအတွက် အသုံးစရိတ်က သုံးရမှာပဲလေ။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရဖြစ်တော့ ကျနော်တို့က ငွေစက္ကူတွေ ရိုက်မထုတ်ဖို့ ပြောကြတော့ မထုတ်ခဲ့ကြဘူး။ ဘယ်ကရလဲဆိုတော့ အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းပြီး ဖြေရှင်းကြတယ်။ အဲ့တုန်းကတော့ ရောင်းလို့ရတယ်။ စီးပွားရေးက ပုံမှန်လည်ပတ်နေတာ ဆိုတော့ ပြည်သူကလည်း ဝယ်တယ်၊ ဘဏ်တွေကလည်း ဝယ်ကြတယ်။ ဒါပေမဲ့ အခုဟာ ခေတ်က ပြောင်းလဲသွားပြီ။ သူတို့ထုတ်ရောင်းလည်း ပြည်သူတွေက မဝယ်ကြသလို ဘဏ်ကလည်း ဝယ်မှာ မဟုတ်ဘူး။ ငွေတိုက်စာချုပ်တွေကို သူတို့ထုတ်ရောင်းဖို့အတွက် ကြေညာတာ နှစ်ခါ သုံးခါ လောက်ရှိတယ်နော်၊ ကျနော် တွေ့တာ။ ဒါပေမဲ့ မရောင်းရဘူးလို့ ကျနော်တော့ ထင်တာပဲ။ ဒီတော့ မရောင်းရရင် သူတို့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ နည်းလမ်းပဲ ရှိတော့တယ်။ ဒီတော့ ငွေကြေးဖောင်းပွမှုပြဿနာက ပိုဆိုးမယ့်သဘောပဲ ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ်အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( အန်အယ်လ်ဒီ)လက်ထက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကာလ အတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်မတိုင်မီကာလ ၂၀၂၀ ပြည့်နှစ်ကတော့ ပြည်တွင်းမှာ ဓာတ်အားခနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းက ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013