DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ အရေးပေါ်လူနာတင်ယာဥ်ဝန်ဆောင်မှု ရပ်နား
DVB
·
December 19, 2022
ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ အရေးပေါ်လူနာတင်ယာဥ်ဝန်ဆောင်မှု ရပ်နား
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အရေးပေါ်လူနာသယ်ယူရေး အခမဲ့ကူညီပေးနေတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲဟာ ရန်​ပုံငွေ အခက်အခဲကြောင့် လာမယ့် ဒီဇင်ဘာ ၂၄ ရက်ကစပြီး အရေးပေါ် လူနာတင်ယာဥ် ဝန်ဆောင်မှုကို ယာယီရပ်နားမယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ကားပြင်ဆင်စရိတ်တွေနဲ့ ဆီဖိုးအတွက် လိုအပ်တဲ့ ရန်ပုံငွေမရှိတာ၊ အရေးပေါ် လူနာတင်ယာဥ် ဝန်ဆောင်မှုကို ဦးဆောင်မယ့်သူ မရှိဘဲ ဖြစ်နေတာတွေကြောင့် အခုလို ယာယီရပ်နားရတာဖြစ်ပြီး ရန်ပုံငွေ အလုံအလောက်ရရှိပါက ဝန်ဆောင်မှုကို ပြန်စမယ်လို့ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“အရင်က အရေးပေါ်ကားအုပ်စုကို ခရိုင်ဒုတပ်ဖွဲ့မှူး ဦးဆောင်တာ၊ သူက မြို့နယ်အသင်းခွဲကတော့ မဟုတ်ဘူး၊ သက်သက်လာကူပေးတာ။ သူအဖမ်းခံရပြီး ပြန်လွတ်တော့ ခရိုင်တပ်ဖွဲ့က သူ့ကို ဒီဘက်မလွှတ်တော့ဘူး။ အခုက သူလည်းမရှိတော့ ဦးဆောင်မှုအပိုင်းမှာ အခက်တွေ့နေတာ။ နောက်ပြီး ရန်ပုံငွေလည်း အလုံအလောက်မရှိဘူး။ အခုလိုမျိုး နိုင်ငံရေး၊ စီးပွားရေး ကျပ်တည်းနေတဲ့အချိန်ဆိုတော့ အလှူခံရတာလည်း အားနာတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကတော့ အရေးပေါ်လူနာတင်ယာဥ် ဝန်ဆောင်မှုကို ဦးဆောင်နေတဲ့ ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး လေးရက်အကြာ စစ်ဆေးမှုတွေလုပ်ပြီးနောက် ဒီဇင်ဘာ ၁ ရက်ကမှ ပြန်လွှတ်ပေးခဲ့တာပါ။

ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်တို့က ဒေသခံတွေဟာ ညဘက် အရေးပေါ်လူနာတင်ပို့နိုင်ဖို့ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲကိုသာ အားထားနေရပြီး အခုလိုရပ်လိုက်မယ်ဆို အခက်ကြုံရနိုင်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

လောင်းလုံးဒေသခံတဦးက “အရေးပေါ်ကားက နေ့ဘက်ဆို ဘယ်ကားခေါ်ခေါ် ရတယ်။ ညဘက်ကျတော့ ကြက်ခြေနီကားပဲ ခေါ်လို့ရတယ်။ တခြားကားခေါ်ရင်တောင် ကြက်ခြေနီဘက်ကို လွှဲပေးတာ။ အခုလို ရပ်လိုက်ရင်တော့ ညဘက် အရေးပေါ် ကျန်းမာရေးကိစ္စတွေဆို အခက်တွေ့ကြမှာ” လို့ ပြောပါတယ်။

ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲဟာ အရင်ကတည်းက အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့သာ ရပ်တည်လာခဲ့တာဖြစ်ပြီး အခုလို အရေးပေါ်လူနာတင်ယာဥ်ဝန်ဆောင်မှုကို ရပ်နားထားပေမဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းတွေမှာ ကူညီတာ၊ ခြင်ဆေးဖျန်းတာ အစရှိတဲ့လုပ်ငန်းတွေတော့ ဆက်ပြီးလည်ပတ်နေမယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်အတွင်း အရေးပေါ်လူနာနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အခမဲ့ ကူညီလုပ်ဆောင်ပေးနေတဲ့ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ကလည်း စက်သုံးဆီနဲ့ ရန်ပုံငွေအခက်အခဲတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်ကစပြီး ၁၀ ရက်ကျော်ကြာ ယာယီရပ်နားခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013