DVB Logo
Home
Lead Story
မျိုးချစ်ပြည်အသက် စစ်တပ်မှသည် မျိုးနှစ်ပြည်ဖျက် ဘီလူးသဘက်တပ် နိဂုံးသတ်ဆီ
DVB
·
December 19, 2022
မျိုးချစ်ပြည်အသက် စစ်တပ်မှသည် မျိုးနှစ်ပြည်ဖျက် ဘီလူးသဘက်တပ် နိဂုံးသတ်ဆီ
Donate to DVB

တခေတ် တခါတုန်းက ကိုယ်ကျင့်သီလ တည်ကြည်ပြီး နိုင်ငံရေးအသိ မှန်ကန်ဖြောင့်မတ်တဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ပြီး ဗြိတိသျှကိုလိုနီနယ်ချဲ့တွေနဲ့ ဂျပန်ဖက်ဆစ်တွေရဲ့ ရန်ကို တွန်းလှန်ခဲ့ကြတာမို့ မြန်မာအများစုရဲ့ နှလုံးအိမ်မှာ မျိုးချစ် ပြည်အသက် တပ်မတော်ဟာ အခုအချိန်အခါမှာတော့ ကိုယ်ကျိုးရှာ စစ်ဗိုလ်ယုတ်တသိုက်ရဲ့ ခါးပိုက်ထဲမှာ မျိုးနှစ်ပြည်ဖျက် မကောင်းဆိုးဝါး ဘီလူးသဘက်တပ်အဖြစ် ရောက်ရှိခဲ့ပါပြီ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မျက်မှောက်ကာလအထိ ၂ နှစ်နီးပါးအတွင်းမှာ အာဏာရူး၊ ဥစ္စာရူး မအလနဲ့ ဗာလနံလူမိုက် စစ်ဗိုလ်ယုတ်တသိုက်ဟာ သူတို့ရဲ့ မင်းသားခေါင်းဆောင်း မျက်နှာဖုံးကို ခွာချလို့ အစွယ်ပြူးပြူး ဘီလူးသဘက် မျက်နှာအစစ်ကို ပြသပြီး အရိုင်းစိုင်းဆုံး ရာဇဝတ်မှုတွေကို ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့ပြီး ကောင်းကွက်ဆိုတာ မကျန်တော့တဲ့ အခွင့်ထူးခံစစ်တပ်ကို အနက်ရှိုင်းဆုံး ငရဲတွင်းထဲကို ဆွဲချလို့ အပြီးတိုင် ဖျက်ဆီးခဲ့ကြပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဘီလူးသဘက်တပ် အာဏာလုယူပြီးတဲ့နောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံတဝန်းလုံးက မြို့နယ်ပေါင်း ၈၁ ခုမှာ နေအိမ်၊ အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါအပြင် မတရားအာဏာလုယက်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ယနေ့အထိ ၂,၅၇၂ ဦး ရှိခဲ့ပြီး ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၃,၀၇၄ ဦး၊ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ဦးရှိပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီလို စက်ဆုပ်ဖွယ်ရာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် စော်ကားကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အထပ်ထပ် လိမ်းကျံညစ်ထေးနေတဲ့ စစ်တပ်အမည်ခံ ဘီလူးသဘက်တွေရဲ့ လက်နက်ကိုင် မကောင်းဆိုးဝါးတပ်ဟာ မြန်မာ့လူ့ဘောင်မှာ ဘယ်လိုနည်းနဲ့မှ ဆက်လက် လက်ခံစရာ၊ ရှင်သန်နိုင်စရာအကြောင်း လုံးဝမရှိဘဲ မုချပျက်သုဉ်းမှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖူးတဲ့ အဖွဲ့အစည်းတရပ် ကျဆုံးပျက်စီးခြင်း အကြောင်းတရားလေးပါး ဖြစ်တဲ့

၁။ ဆုံးရှုံးသွားတဲ့ အရာတွေကို ပြန်ရအောင် ကြိုးပမ်းမှုမရှိခြင်း၊

၂။ ပျက်စီးသွားတဲ့အရာတွေကို ပြုပြင်ရန် ပျက်ကွက်ခြင်း၊

၃။ သင့်တင့်လျောက်ပတ်သော ခြိုးခြံချွေတာမှု ပြုလုပ်ဖို့ လိုအပ်တာကို အလေးဂရုမပြုခြင်း၊

၄။ အကျင့်သီလ ဒါမှမဟုတ် စာပေပညာမရှိတဲ့သူတွေကို ခေါင်းဆောင်တင်မြှောက်ခြင်း

စတဲ့ အချက်အားလုံးနဲ့ အာဏာရူး မအလရဲ့ သစ္စာခံ ခါးပိုက်ဆောင် မကောင်းဆိုးဝါးတပ်ဟာ ကိုက်ညီနေပါတယ်။

ပထမအချက်အနေနဲ့ စစ်တပ်အမည်ခံ ဘီလူးသဘက်တွေဟာ ဆုံးရှုံးသွားတဲ့ အရာတွေထဲက အရေးအကြီးဆုံးအရာဖြစ်တဲ့ ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုကို ပြန်ရအောင် ကြိုးပမ်းမှု မရှိတဲ့အပြင် အကြိမ်ကြိမ်အဖန်ဖန် အာဏာလုယက်၊ ကတိဖျက်ခဲ့ကြတာ မဟုတ်လား။

ဒုတိယအချက်အနေနဲ့ စစ်တပ်အမည်ခံ ဘီလူးသဘက်တွေဟာ ပျက်စီးသွားတဲ့ အရာတွေဖြစ်တဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်ပုံစနစ်၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို အနှစ်သာရအားဖြင့် မပြင်ဆင်ဘဲ အယောင်ပြသာ လုပ်ဆောင်ခဲ့ကြရင်း စစ်မှန်စွာပြုပြင်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။

တတိယအချက်ဖြစ်တဲ့ သင့်တင့်လျောက်ပတ်သော ခြိုးခြံချွေတာမှုပြုလုပ်ဖို့ လိုအပ်တာကို အလေးဂရုမပြုခြင်းမှာလည်း သူတို့ သက်ဆိုးရှည်ဖို့ ပြည်သူ့ငွေ ဒေါ်လာသန်းရာချီနဲ့ ဝယ်ယူထားရတဲ့ စစ်လက်နက်တွေ၊ လေယာဉ်ဆီတွေ၊ စစ်သုံးစရိတ်တွေကို ခိုးယူဖြုန်းတီးရုံမက ပြည်သူကို စစ်ခင်းအန္တရာယ်ပြု သတ်ဖြတ်နေကြတာပဲ မဟုတ်လား။

စတုတ္ထအချက်ကတော့ အင်မတန်ရှင်းပါတယ်။ ပြည်သူသတ် ဖက်ဆစ်တပ်ဟာ မသန့်ရှင်းဘဲ ရယူထားတဲ့ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ အကျင့်သီလ‌ ဆိုးဝါးပြီး စာပေပညာမရှိတဲ့ မင်းအောင်လှိုင်နဲ့တကွ ဗာလာနံ လူ့တိရစ္ဆာန် စစ်ဗိုလ်ယုတ်တွေကို ခေါင်းဆောင်တင်မြှောက်ကြတာ မဟုတ်လား။

ဒီအချက်အတွက် သက်သေသာဓကအနေနဲ့ တပြည်လုံးက ပြည်သူလူထုကို တွေ့သမျှ ရန်သူလို သတ်မှတ်ပြီး လူနေအိမ်တွေ မီးရှို့ လေကြောင်းက‌နေ တိုက်ခိုက်ခြင်း၊ ကမ်းကုန်‌ရက်စက် ယုတ်မာတဲ့နည်း‌တွေနဲ့ လူမဆန်စွာ သတ်ဖြတ်မှု‌တွေကို နေ့စဉ်ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ဘီလူးခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဟီရိဩတ္တပ္ပ ကင်းမဲ့စွာ အရှက်အကြောက် သိက္ခာမဲ့စွာ လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးတဲ့ လူ့အဖွဲ့စည်းတရပ် ဖြစ်ထွန်းလာရေးအတွက် သက်ဆိုင်သူအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မျက်နှာပြောင်တိုက်ပြီး ပြောကြားခဲ့တာပဲ မဟုတ်လား။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် သူခိုး ဓားပြလက်ထဲ ကျရောက်ခဲ့တဲ့ ကျေးသားမိုက်နဲ့ အလားသဏ္ဌာန်တူတဲ့ လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်ကာလတုန်းက မျိုးချစ်ပြည်အသက် စစ်တပ်ဟာ ဒီကနေ့အချိန်ခါမှာတော့ မျိုးနှစ်ပြည်ဖျက် ဘီလူးသဘက်တပ်အသွင် လုံးဝကူးပြောင်းလို့ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ မစင်ထက်တောင် ရွံမုန်းစက်ဆုပ်ခဲ့ကြတာမို့ ပျက်စီးအဆုံးသတ်ရတော့မှာ ဒီနေ့လား၊ မနက်ဖြန်လား ဆိုရလောက်အောင် အလွန်နီးကပ်နေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013