
စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေကို စစ်ကောင်စီတပ်က အင်အားထောင်ချီနဲ့ ဧပြီ ၉ ရက်ကစလို့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ပုလဲမြို့နယ် ချောင်းကန်ရွာက ဒေသခံတယောက်၊ ရိုးရွာ၊ အလယ်ဘုံရွာတွေက ဒေသခံ ၃ ယောက်တို့ကို စစ်ကြောင်းထိုးတဲ့နေ့မှာပဲ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပုလဲမြို့ပေါ်ကနေထွက်လာတဲ့ စစ်တပ်က ချောင်းကန်ရွာဘက်ကို စစ်ကြောင်းထိုးပြီး ချောင်းကန်ရွာသားတဦး၊ ရိုးရွာ၊ အလယ်ဘုံရွာတွေက ရွာသား ၃ ဦးကို ဓားစာခံဖမ်းဆီး သတ်ဖြတ်ထားခဲ့တာ။ ဒီနေ့မနက် စစ်ကြောင်းထွက်မှ ချောင်းကန်ကျေးရွာ ပြည်သူတွေ ရွာထဲပြန်အဝင်မှာ အလောင်းတွေ ပုပ်ပွနေတာကို တွေ့ရတယ်” လို့ DVB ကို ပြောပါတယ်။
အင်အားထောင်ချီပါတဲ့ စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့နယ်ကို အခြေပြုကာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး ဆားလင်းကြီးနယ် ရွာသာလေးမှာ စစ်ကြောင်းတကြောင်း၊ ပုလဲနယ် ကုက္ကိုလ်စုမှာ စစ်ကြောင်းတကြောင်းနဲ့ ယင်းမာပင်မြို့နယ် လည်ငေါက်မှာ စစ်ကြောင်းတကြောင်း ရောက်နေတာလို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “တနေ့ကပဲ စစ်ကြောင်းထိုးလာတာ။ မနေ့က ပုလဲ မြောက်ဘက် သရက်ကန်နားမှာ တိုက်ပွဲဖြစ်တယ်။ ပုလဲကြားနဲ့ ယင်းမာပင်ကြားက ရွာတွေ အကုန်ပြေးနေရတယ်။ လက်ရှိအချိန်ထိတော့ ဆက်မထူးသေးဘူး” လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ အခြေပြုတဲ့ ဗိုလ်နဂါးဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားပြီးနောက်မှာ စစ်ကောင်စီတပ်တွေဟာ ပုလဲ၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။










