DVB Logo
Home
မြန်မာသတင်း
ရေစကြို၊ ထီးလင်းနှင့် ဝက်လက်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံး
DVB
·
December 16, 2022
ရေစကြို၊ ထီးလင်းနှင့် ဝက်လက်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံး
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက် မနက်က စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Urban Underground Revolution Force (ရေစကြို) ကနေ သိရပါတယ်။

ရေစကြိုမြို့ ထင်းတန်းရပ်ကွက်မှာ မနေ့မနက်ပိုင်းက စစ်ဆင်ရေးတခုပြုလုပ်ဖို့ ညီနောင်မဟာမိတ်တပ်တွေ စုပြီးနားနေချိန်မှာ ပျူစောထီးတွေက သတင်းပေးပို့တာကြောင့် စစ်ကောင်စီတပ် ရောက်လာပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ UURF (ရေစကြို) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကေချစ်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာတာကြောင့် ဆုတ်ခွာပေးခဲ့ပေမဲ့လည်း စစ်ကောင်စီဘက်က (ပ) ပုံသဏ္ဌာန် ဗျူဟာကို အသုံးပြုပြီး ပိတ်ဆို့လာတာကြောင့် ပြန်လည်ခုခံတိုက်ခိုက်ရာ စစ်(...)တွေဘက်က ၄ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြတယ်။”

စစ်ကောင်စီတပ်ဘက်က သေဆုံးသွားတဲ့ အလောင်းတွေနဲ့ ဒဏ်ရာရလူနာတွေကို သယ်ပြီး ပြန်ဆုတ်ပြေးတဲ့အချိန်မှာ သူတို့ဘက်က ကျကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းတလုံးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို မြင်းခြံ Black Tiger၊ Black Wolf PDF (MDY)၊ VOMDY၊ The Volue Of Young Men၊ ခွပ်ဒေါင်းနီ ပြောက်ကျားတပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ စစ်ကြောင်းမှူး အပါအဝင် ၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) ကနေ သိရပါတယ်။

YRA (ထီးလင်း) ခေါင်းဆောင် သခင်ဇော်က “ထီးလင်းမြို့နယ် ညောင်ဟောင်းရွာနားမှာ ​ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရှိသွားတဲ့ အထဲက ရွှေအောင်သာ အထိုင်တပ်စခန်းက စစ်ကြောင်မှူး တပ်မှူးတယောက် အပါအဝင် ၃ ယောက်ဟာ ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက အောင်း(မြောက်) ရွာမှာ သေဆုံးခဲ့တယ်လို့ ကျနော်တို့ ကင်းထောက်တွေက သတင်းပေးပို့တယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာ ၁၅ ရက် ညက အောင်း(မြောက်)ရွာထဲမှာ ညအိပ်စခန်းချပြီး တော်တော်လေး ဆူဆူညံညံ ငိုသံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲဒီ စစ်(...) အလောင်းတွေကိုတော့ ရွှေအောင်သာ အထိုင်တပ်စခန်းမှာ ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက် ၈နာရီလောက်မှာ သေနတ်ပစ်ဖောက် အလေးပြု မီးသင်္ဂြိုဟ်ခဲ့ကြတယ်” လို့ သခင်ဇော်က ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းကို YRA (ထီးလင်း) က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက် ပွဲချင်းပြီးသေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့လို့ ထမ်းစင်တွေနဲ့ ထမ်းပိုးသွားကြပြီး ၃ ယောက် ထပ်မံသေဆုံးခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရှိမ်းမကားကျေးရွာမှာတော့ ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီလောက်က စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ဗိုလ်ကျားကြီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ညအချိန်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ထွက်ပြေးကြရပါတယ်။

ဒေသခံရွာသားတဦးက “အရင်ဆုံး ရဲစခန်းအနောက်ဘက် ဖုန်းတာဝါတိုင်ဆီကနေ ပေါက်ကွဲသံ အရင်ကြားရတယ်။ အဲလိုကြားပြီး ရဲစခန်းထဲကနေ လက်နက်ကြီးနဲ့ ပစ်တဲ့အသံတွေ၊ လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အသံတွေ ကြားရတယ်။ တဖက်ကလည်း ပြန်ပစ်တာတွေရှိတယ်။ အဲလိုဆိုတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရတာကို မလုံခြုံလို့ လွတ်ရာ ထွက်ပြေးရတယ်” လို့ ပြောပါတယ်။

အခုလို ရွာသားတွေ ရွာအပြင်ထွက်ပြေးနေချိန်မှာ ရှိမ်းမကားကျေးရွာအတွင်းက ဈေးဆိုင်နဲ့ လူနေအိမ် တော်တော်များများကို ရိမ်းမကားရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားတွေက ဆန်၊ ဆီနဲ့ တန်ကြေးရှိပစ္စည်းတွေနဲ့ ငွေတွေကို ရဲစခန်းအတွင်း သယ်ယူတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံရွာသား‌တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကျနော်တို့က လမ်းဆုံက မိုင်တဲ ဖုန်းတာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲဖို့ သွားတယ်။ အဲဒါကို သူတို့စခန်း လာတိုက်တယ်အထင်နဲ့ ကျနော်တို့ရှိတဲ့ဘက်ကို စက်လတ်၊ ၆၀ မမတွေနဲ့ ရမ်းပစ်တာတွေ လုပ်တယ်ဗျ။ ကျနော်တို့ကိုပစ်တော့ ကျနော်တို့လည်း ရှော့ဒုန်းလက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သေးတယ်။ စခ၊ ရခ အသေစာရင်း အသေးစိတ်ကတော့ လောလောဆယ် စုံစမ်းနေဆဲပဲ” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013