DVB Logo
Home
မြန်မာသတင်း
တပ်တွင်းအမျိုးသမီးများ ကာကွယ်ရေးတွင် ပါဝင်ရန်နှင့် အလစ်အငိုက်တိုက်ခိုက်မှု သတိထားရန် စစ်ခေါင်းဆောင်တိုက်တွန်း
DVB
·
December 16, 2022
တပ်တွင်းအမျိုးသမီးများ ကာကွယ်ရေးတွင် ပါဝင်ရန်နှင့် အလစ်အငိုက်တိုက်ခိုက်မှု သတိထားရန် စစ်ခေါင်းဆောင်တိုက်တွန်း
1 / 2
Donate to DVB

တပ်ထဲက မိခင်တွေ အမျိုးသမီးတွေ ကာကွယ်ရေးလုပ်ငန်းမှာ ပါဝင်ကြဖို့၊ အလစ်အငိုက် တိုက်ခိုက်မှုတွေကို သတိထားကြဖို့နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၄ ရက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပူတာအိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အမျိုးသမီးတွေဟာ မိခင်စိတ်ရှိကြပြီး မိသားစုကိုကာကွယ်လိုတဲ့ စိတ်အခြေခံရှိပြီး ဖြစ်ကြောင်း၊ တချို့သောဒေသတွေမှာ တပ်ရင်းတပ်ဖွဲ့တွေကို လက်နက်ကိုင်အဖွဲ့တွေက အလစ်အငိုက် လာရောက်တိုက်ခိုက်ခဲ့ချိန်မှာ တပ်မတော်သားမိသားစုဝင် အမျိုးသမီးတွေ အနေနဲ့ သားသမီးတွေနဲ့ မိမိတပ်ကို မထိခိုက်အောင် ကာကွယ်လိုစိတ်နဲ့ လာရောက်တိုက်ခိုက်သူတွေကို ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒေသခံတိုင်းရင်းသားတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ တပ်ဖြစ်လို့ ဒေသခံတွေနဲ့ တပ် စည်းလုံးညီညွတ်မှုရှိရမယ်၊ စစ်သည်တဦးချင်းအနေနဲ့ လက်နက်၊ အသုံးအဆောင်ပစ္စည်းတွေ ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့ အမြဲလေ့ကျင့်ဖို့၊ တာဝန်ထမ်းဆောင်ရာမှာ သတိရှိဖို့၊ စစ်မြေပြင်မှာ အချိန်၊ ရာသီဥတု၊ မြေအနေအထားတို့အပေါ် မူတည်ကာ အလစ်အငိုက် တိုက်ခိုက်တာဖြစ်လို့ သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိနဲ့ နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပူတာအိုခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်တဦးက “မင်းအောင်လှိုင် ပူတာအိုလာတာက ဘယ်သူမှမသိဘူးလေ။ တချို့က ခုထိတောင်မသိဘူး။ နိုင်ငံရဲ့ စစ်ဦးစီးချုပ်တဦးရဲ့ ခရီးစဥ်နဲ့မတူဘဲ ဖမ်းဝရမ်းထုတ်ခံရတဲ့ သူတဦး ပူတာအိုကို သွားနေသလို ဖြစ်နေတယ်။ ဒီခရီးစဥ်ကိုကြည့်လိုက်ရင် သူ့အခြေအနေက ဘယ်လိုရှိတယ်ဆိုတာ သိရမယ်။ နောက်ပြီး ပူတာအိုဒေသခံလူကြီးတချို့က ခုထိ မင်းအောင်လှိုင်ကို အားကိုးနေတာတွေ့ရလို့ ပူတာအိုလူငယ်တဦးအနေနဲ့ ရှက်မိတယ်” လို့ ပြောပါတယ်။

ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မွမ်းမံသင်တန်းတက်နေချိန် မင်းအောင်လှိုင် လာသွားလို့ စိတ်ပျက်မိတယ်လို့ ပူတာအို တော်လှန်‌‌ရေးရဲဘော်တဦးက ပြောပါတယ်။

“ဒီအချိန်မှာ မွမ်းမံသင်တန်းက တကယ်ကော အလုပ်ဖြစ်မလားပေါ့နော်။ သူက ငါတို့အခြေအနေသိလို့ ဒီရက်တွေမှာ ကွက်တိလာတယ်လို့ မြင်တယ်။ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြတယ်၊ ခုတကြိမ်တော့ စိတ်ပျက်မိတယ်။”

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီဇင်ဘာ ၁၃ ရက်မှာ ပူတာအိုကို ရောက်ရှိလာပြီး ဒီဇင်ဘာ ၁၄ ရက်မှာ မချမ်းဘော့မြို့နယ်ထဲက ကောင်းမှုလုံစေတီနဲ့ ရဝမ်အမျိုးသားပြတိုက်တို့ကို လည်ပတ်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

စစ်ခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက ပူတာအိုကိုလာဖို့ သတင်းထွက်ခဲ့ပေမဲ့ Putao PDF နဲ့ KIA ပူးပေါင်းတပ်တို့ရဲ့ မြစ်ကြီးနား-ပူတာအိုကားလမ်း ပိတ်ဆို့မှုကြောင့် ခရီးစဥ်ကို ရွှေ့ဆိုင်းခဲ့ရာက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလရောက်မှ ပူတာအိုကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013