DVB Logo
Home
မြန်မာသတင်း
မြောင်၊ ကန့်ဘလူနှင့် ပုလဲမြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
December 16, 2022
မြောင်၊ ကန့်ဘလူနှင့် ပုလဲမြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ‌ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်းတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနက် ၁၁ နာရီခွဲက စစ်ကောင်စီတပ်ဖွဲ့ဟာ မြောင်မြို့နယ်ရှိ ဆွဲ့လဲ့အိုရွာက ထွက်ခွာလာပြီး နဘက်ရွာဆီကို စစ်ကြောင်းထိုးလာရာမှာ ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ BC အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“နဘက်ရွာဘက်ကို ထိုးစစ်ဆင် စစ်ကြောင်းတက်လာတာကို လမ်းကနေ ကြားဖြတ်ဖောက်ခွဲ တိုက်ခိုက်တာပါ။ မိုင်းကွင်းပေါ်ကနေ ဖြတ်တဲ့အချိန် အဆင်သင့်ပြင်ထားတဲ့ ပဒေသာမိုင်းနဲ့ ကြိုဆိုခဲ့တာ။ ရန်သူ့ဘက်က ထိခိုက်‌သေဆုံးတာနဲ့ ဒဏ်ရာရတဲ့ကောင်တွေ များတယ်လို့ သိရတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ။ သူတို့ဘက်က ပြန်ပစ်တာတွေလည်း ရှိတယ်။ မဟာမိတ်အဖွဲ့တွေဘက်မှာတော့ တစုံတရာ အထိအခိုက် မရှိခဲ့ဘူး။”

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က ဖောက်ခွဲရေးမှာသုံးတဲ့ ဖုန်း ၂ လုံးနဲ့ ဘက်ထရီအိုး ၂ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ည ၁၀ နာရီကျော်လောက်ကလည်း ကင်းပုန်းလာတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက  လက်ခုပ်ကုန်းရွာနဲ့ ဘောရွာတွေကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “လက်ခုပ်ကုန်းကတော့ တရွာလုံးနီးပါး မီးရှို့ခံရတယ်။ ဘောရွာမှာတော့ ရွာထဲ လောလောဆယ် ဝင်မရှို့သေးဘူး၊ ရွာအပြင်ကအိမ်တွေ ရှို့ခံရတယ်” လို့ ပြောပါတယ်။

မီးရှို့ပြီး ပြန်ထွက်လာတဲ့ ပျူစောထီးတွေ ပူး‌ပေါင်းပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်း ဘောရွာဘက် ထွက်ခွာလာချိန် ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

“စစ်ကြောင်းလာပြီဆိုတော့ ရွာအဝင်မှာ မိုင်းတွေထောင်ထားခဲ့တာ၊ မိုင်းမိပြီး ထိခိုက်တာရှိတယ်။ မိုင်း ၅ လုံးကွဲတာ။ ဘယ်လောက်ထိခိုက်တယ် ဆိုတာတော့ မသိရသေးဘူး။”

မီးလောင်ပျက်စီးဆုံးရှုံးတဲ့ အိမ်ခြေနဲ့ စစ်ကောင်စီအဖွဲ့ မိုင်းမိပြီး ထိခိုက်သေဆုံးတဲ့ စာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မီးရှို့ခံရတဲ့ လက်ခုပ်ကုန်းကျေးရွာမှာ အိမ်ခြေ ၈၀ ကျော်နဲ့ ဘောကျေးရွာမှာ အိမ်ခြေ ၁၂၀ ကျော်ရှိပြီး ရွာခံ ၅၀၀ ကျော် တောထဲကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာနားမှာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီက ပျူစောထီးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တာဝန်ရှိသူက ပြောပါတယ်။

ဇီးဖြူကုန်းရွာဟာ စစ်ကောင်စီထောက်ခံတဲ့ ရွာတရွာဖြစ်သလို ဒေသခံတွေကိုလည်း စစ်ကောင်စီက လက်နက်တွေ ထုတ်ပေးထားတယ်လို့ ပတ်ဝန်းကျင် ကျေးရွာသားတွေက ဆိုပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အဖွဲ့ တာဝန်ရှိသူ ကိုဖြိုးက “တိုက်ပွဲက အနီးကပ် ဖြစ်ခဲ့တယ်။ ၁ နာရီလောက်ကြာတယ်။ အခုလို ပျူတွေကို ပစ်ခတ်နိုင်ဖို့ ပထမ အထူးတပ်သားတွေနဲ့ ကင်းပုန်းဝပ် ကြိုတင်စောင့်ပြီး အပိုင်ပစ်နိုင်ခဲ့တယ်။ ပျူ ၁၅ ဦး နေရာတင်သေတယ်။ အဲလို ပစ်ခတ်သံကြားရော သူတို့ဘက်က အဖွဲ့ ၂ ဖွဲ့နဲ့ အထူးတပ်ဖွဲ့တွေကို ပိတ်ပြီးဖမ်းတယ်။ တပ်သားအနည်းငယ်နဲ့ ပြောက်ကျားစနစ်ကို သုံးနိုင်ခဲ့တာကြောင့် အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော်အနေနဲ့ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီ ၁၂ မိနစ်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီကိုလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ၄၀ မမတွေနဲ့ ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013