
ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ကို အပစ်ရပ် ဆွေးနွေးဖက်အဖြစ် စစ်အာဏာရှင်က အသိအမှတ်ပြုကြောင်း ပြောဆိုချက်ဟာ ချင်းညီနောင် CB မဟာမိတ်တပ်တွေကြားမှာ သွေးကွဲအောင် နိုင်ငံရေးအရ ထိုးနှက်တာဖြစ်တယ်လို့ ဒေသခံနိုင်ငံရေးသမားတွေက ပြောပါတယ်။
CNO/CNDF ကို အပစ်ရပ်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုကြောင်း စစ်အာဏာရှင် မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်က စစ်အာဏာရှင်ဩဇာခံ လွှတ်တော်မှာ ပြောဆိုခဲ့ဖြစ်ပြီး ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုကို ဆွေးနွေးဖက်အဖြစ် ပထမဆုံးအကြိမ် အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက CNO/CNDF ဟာ တော်လှန်ရေးကို လုပ်ဆောင်နေဆဲဖြစ်ပြီး မကြာခင်မှာ အဖွဲ့အစည်းရဲ့ရပ်တည်ချက်ကို ထုတ်ပြန်ပေးသွားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ချင်းပြည်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်အခြေစိုက် CNO/CNDF ဟာ ချင်းညီနောင် (CB) မဟာမိတ်အဖွဲ့ဝင် တပ်ဖွဲ့တခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အာရက္ခတပ်တော် (AA) တို့အပါအဝင် ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ချင်းပြည်ဒေသခံနိုင်ငံရေးသမားတယောက်က “မင်းအောင်လှိုင်က ဒီချင်းပြည်မှာဆိုရင် CB ကို ပစ်မှတ်ထားတယ်၊ CB ကိုဖြိုခွင်းဖို့ သူ နည်းမျိုးစုံ ကြိုးစားနေတာ၊ ဒါကတော့ လူတိုင်းအသိ ဖြစ်ပါတယ်၊ CB ကို သူ စစ်ရေးအရ တော်တော်လေးကို တိုက်နေတယ်၊ အခုဆိုရင် ဒီ မင်းတပ်၊ ကန်ပက်လက် နေ့စဉ်နဲ့အမျှ စစ်ပွဲတွေ ဖြစ်နေတယ်၊ ချင်းပြည်တောင်ပိုင်းမှာဆိုရင် စစ်ဖြစ်နေတော့ သူ နိုင်ငံရေးအရ ဝင်လို့မရဘူး။ ဒါပေမဲ့ ချင်းပြည်မြောက်ပိုင်းမှာ CB အဖွဲ့ဝင်တွေဖြစ်တဲ့ ဥပမာ ZFU ၊ CNO တွေကို သူ ချဉ်းကပ်တယ်၊ ဘယ်လိုဖြိုခွင်းမလဲဆိုတာ ကြိုးစားနေတယ်ဆိုတော့ အဲဒီမှာ လိုင်းပေါ်တွေမှာ CNO နဲ့ စစ်တပ်က တွေ့ဆုံတယ်ဆိုတဲ့ ဥစ္စာပေါ့နော်၊ အဲဒါနဲ့ပတ်သက်ပြီးတော့မှ CB ကို စစ်ရေးအရ မဖြိုခွင်းနိုင်တော့ နိုင်ငံရေးအရ ဖြိုခွင်းဖို့ကြိုးစားနေတာဖြစ်တယ်”လို့ ပြောပါတယ်။
ချင်းညီနောင် CB ပြောခွင့်ရှိသူ ကိုရောမန်ကတော့ ကျွန်ဖြစ်မဲ့ ငြိမ်းချမ်းရေး၊ လူညွန့်တုံးမဲ့ ငြိမ်းချမ်းရေးမျိုးကို လုပ်ဆောင်မှာမဟုတ်ဘဲ ဘာအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာကို သတိရဖို့ လိုအပ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။
စစ်အာဏာရှင်ရဲ့ ထုတ်ဖော်ပြောဆိုချက်နဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ဝင်တွေအကြား အစည်းအဝေး ပြုလုပ်နေပြီး မကြာခင်မှာ သတင်းထုတ်ပြန်ချက်တခု ထွက်ပေါ်လာဖွယ် ရှိပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းညီနောင် CB နဲ့ CNDF တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းပေမဲ့ တုံ့ပြန်ဖြေဆိုတာမျိုး မရှိသေးပါဘူး။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “မင်းအောင်လှိုင် ရက် ၁၀၀ ပြည့် ပထမဦးဆုံးခရီးစဉ်က အိန္ဒိယ ဖြစ်ခဲ့တာပေါ့၊ အိန္ဒိယဘက်ခြမ်းမှာလည်း အိန္ဒိယနဲ့ ဆွေးနွေးခဲ့တာတွေ ရှိကောင်းရှိနိုင်တယ်၊ အရင်ခေတ်တွေကတည်းက အကြမ်းဖက်စစ်တပ်က သူမွေးထားလို့ရတဲ့ အင်အားစု၊ လူပုဂ္ဂိုလ်တွေပေါ့၊ ရှိကောင်းရှိနိုင်တယ်၊ အဲဒီလူပုဂ္ဂိုလ်တွေကနေတဆင့် တော်လှန်ရေးလုပ်နေတဲ့ အင်အားစုတွေကို ပုံဖျက်ဖို့ ဒါမှမဟုတ်ရင် သူ့ဘက်ပါအောင်စည်းရုံးဖို့ ဒီလူပုဂ္ဂိုလ်တွေကို သူ အသုံးချလာတာတွေ ရှိတယ်။ လက်ရှိလည်းပဲ အဲဒီအတိုင်းပဲ သူ ဆက်ပြီးတော့ လုပ်နေတဲ့သဘောပေါ့ဗျာ။ သွေးခွဲတဲ့ဗျူဟာက အသစ်တော့ မဟုတ်ဘူး။ ဒါ ၉၀ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက ခင်ညွန့်တို့ကလည်း သူတို့ တက်လာတဲ့အချိန်မှာ ဒီလိုပဲ ထိုးခွဲပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့က ငြိမ်းချမ်းရေးယူပါတယ်တို့ ဘာတို့ပေါ့ဗျာ၊ ဒီနည်းလမ်းအတိုင်းပဲ အခုလည်း သူ အသုံးချလို့ရတဲ့ လူပုဂ္ဂိုလ်တွေကနေတဆင့် ပြန်ပြီးတော့ထိုးခွဲဖို့ ကြိုးစားနေတာမျိုး ဖြစ်နိုင်တယ်ပေါ့ဗျာ”လို့ ရေးပါတယ်။
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဟာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)နဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်နေပြီး လက်နက်ကိုင်တပ်ဖွဲ့ CNDF အဖြစ် ချင်းညီနောင် (Chin Brotherhood) မဟာမိတ်အဖွဲ့ ထူထောင်ရာမှာ အဓိကတည်ထောင်သူ အဖွဲ့ဝင် ဖြစ်ပါတယ်။
၂၀၂၁ ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ CNO/CNDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) တို့နဲ့စစ်ရေး၊ နိုင်ငံရေးအရ နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးရှိခဲ့ပါတယ်။










