Home
မြန်မာသတင်း
ငလျင်ကြောင့် မင်းကွန်းရှိ ရှေးဟောင်းစေတီပုထိုးများ ပျက်စီး
DVB
·
December 15, 2022

မန္တလေးတိုင်း၊ တံတားဦးမြို့ကို ဗဟိုပြုပြီး  ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ မနက် ၃ နာရီ ၁၆ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားအသင့်အတင့်ရှိ ငလျင်ကြောင့် စစ်ကိုင်းမှာရှိတဲ့ ရှေးဟောင်း စေတီပုထိုးနဲ့ သာသနိကအဆောက်အအုံတွေလည်း ပျက်စီးပြိုကျခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ မြသိန်းတန် စေတီတော်ရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ ပြုတ်ကျတာတွေ စေတီတော်မှာ အက်ကွဲသွားတာတွေရှိတဲ့အပြင် ကမ္ဘာကျော် မင်းကွန်းပုထိုးတော်ရဲ့ ခြင်္သေ့ကြီးရုပ်တုရဲ့ လက်မောင်းပဲ့ကျသွားခဲ့တယ်လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ငလျင်ကြောင့် မန္တလေးမှာလည်း စေတီဘုရားနဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် ဘာသာရေး အဆောက်အဦတွေနဲ့ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ကြီးတံခွန်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

"ပြည်ကြီးတံခွန်က ခန္တောတိုက်နဲ့ မဏိရတနာ ကျောင်းတိုက်မှာ မျက်နှာကြက်တွေ ပြိုကျတယ်။ ကျောင်းဝင်းအတွင်းက ပတ္တမြားစေတီဆို စိန်ဖူးတော်ကျိုးကျသွားတယ်"လို့ ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ်မှာလည်း ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်မှာ ငလျင်လှုပ်ခတ်တဲ့ဒဏ်ကြောင့် တိုက်အချို့အက်ကွဲသွားတယ်လို့ မြို့ခံတစ်ဦးက  ပြောပါတယ်။

"ငလျင်က အတော်ပြင်းတာ အရမ်းလည်းသိသာတယ်။ ပြန်တောင်အိပ်လို့မရဘူး။ ပေါက်ပေါက်တန်းရပ်က တိုက်တစ်တိုက်ဆို ဘုရားစင်တောင်ကွဲအက်ပြီး ပြိုကျမတတ်ပဲ"လို့ ပြောပါတယ်။

မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း တံတားဦးမြို့ အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ၂  အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာလို့ မိုးဇလဌာနက သတင်းထုတ်ထားပါတယ်။

ဒီနေ့မနက် မြေငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရတဲ့ မြို့နယ်တွေကတော့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ တံတားဦး၊ စစ်ကိုင်း၊  မုံရွာနဲ့ ရွှေဘို စတဲ့မြို့နယ်တွေပဲဖြစ်ပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ နေအိမ်တွေပျက်စီးခဲ့ရသူ တွေအတွက် ဘယ်လို ကူညီပံ့ပိုးပေးမယ်ဆိုတာကိုတော့  စစ်ကောင်စီဘက်က  သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024