DVB Logo
Home
မြန်မာသတင်း
ပလက်ဝ၊ ကြောင်ချောင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၇ ဦးအထိ မြင့်တက်
DVB
·
March 30, 2026
Photo: AA
Photo: AA
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ  ကလေးငယ် ၄ ယောက် အပါအဝင် အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၂ ယောက် အပါအဝင် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။

ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို စစ်ကောင်စီက မတ် ၂၉ ရက် ညနေ ၄ နာရီ ၅ မိနစ်မှာ ဂျက်တိုက်လေယာဉ်  ၂ စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်နဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှု ၂ ကြိမ်ကို တိုက်ပွဲမရှိဘဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောင်ချောင်းကျေးရွာက အသက် ၈ နှစ်နဲ့ ၁၆ နှစ်ကြား ကလေးငယ် ၄ ယောက် အပါအဝင် အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၈ လအရွယ် ကလေးငယ်တယောက်နဲ့ ၅ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သေဆုံးခဲ့သူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး ဒဏ်ရာရရှိသွားသူတွေအထဲမှာ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၂ ယောက်တို့ ပါဝင်ကြတာ တွေ့ရပါတယ်။

အဲဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရပြီး သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြတဲ့ ကြောင်ချောင်းရွာသူ၊ ရွာသားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ အာရက္ခတပ်တော်နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အကျအဆုံး အထိအခိုက် များစွာနဲ့ ရင်ဆိုင်ရတိုင်းမှာ စစ်ဘက်နဲ့ လုံးဝမသက်ဆိုင်တဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းက အလစ်ချောင်း ဗုံးကြဲတိုက်ခိုက်တဲ့ လုပ်ရပ်မျိုးကို ပြုလုပ်ကာ စစ်ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်နေတယ်လို့ AA ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ ကြောင်ချောင်းကျေးရွာဟာ ကုလားတန်မြစ်ကမ်းနံဘေးမှာ ရှိပြီးတော့ ဒေသခံ ချင်းလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတခုလည်း ဖြစ်ပါတယ်။

စက်သုံးဆီ ပြတ်တောက်မှုတွေကြောင့် နိုင်ငံတဝန်းလုံးမှာ ပြည်တွင်းလေကြောင်းပို့ဆောင်ရေး ခရီးစဉ်တွေ ရပ်နားထားရချိန်မှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013