
တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့တော်တောင်ဘက်ရှိ မြို့နယ်တခုမှာ စက်တင်ဘာ ၂၂ ရက် ညပိုင်းက အိမ်တွင်းပါတီပွဲတခုကို သေနတ်သမား ၃ ယောက်က လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပြီး ဒါဟာ ဂိုဏ်းစတားပဋိပက္ခနဲ့ ဆက်စပ်နေနိုင်တယ်လို့လည်း ပြောပါတယ်။
ကွာဇူးလူ-နားတာလ်ပြည်နယ် ကွာမာခူသာမြို့နယ်မှာပြုလုပ်တဲ့ ဒီပါတီပွဲကို တက်ရောက်ခဲ့ကြသူတွေထဲမှာ ကိုယ်ဝန်ဆောင်လို့ ယူဆရတဲ့ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၁၃ ယောက်လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ X ကနေ သတင်းထုတ်ပြန်ထားပါတယ်။
လွတ်မြောက်နေတဲ့ သေနတ်သမား ၃ ယောက်ကိုလည်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပါတယ်။ ဒီလို လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုကြောင့် ဒေသခံတွေ အတော်လေး တုန်လှုပ်သွားကြပါတယ်။
အမည်မသိ ဒေသခံတယောက်ကတော့ ဒီလိုမျိုးအဖြစ်အပျက်ဟာ သူတို့နယ်မှာ တခါမှမရှိဖူးဘူး။ သူတို့ဟာ ငယ်ကတည်းက အတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး ဝမ်းနည်းစရာ ကောင်းပါတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတချို့ဟာ တရားမဝင် ဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ မသင်္ကာသူစာရင်းထဲမှာ ပါနေသူတွေ ဖြစ်တယ်လို့ ရဲတွေက ပြောပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
တောင်အာဖရိကနိုင်ငံဟာ တရက်ကို ပျမ်းမျှ လူသတ်မှု ၆၀ နီးပါး ဖြစ်ပွားလေ့ရှိပြီး ကမ္ဘာပေါ်မှာ လူသတ်မှုအများဆုံး နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။
လာမဲ့နိုဝင်ဘာလမှာ ကျင်းပမဲ့ မြို့နယ်အဆင့် ရွေးကောက်ပွဲတွေမတိုင်ခင် ဒီလို အကြမ်းဖက်မှုတွေ ခဏခဏဖြစ်နေတာဟာ မဲဆန္ဒရှင်တွေအတွက် အဓိက စိုးရိမ်စရာ ကိစ္စတခု ဖြစ်နေပါတယ်။
Source: Reuters











