DVB Logo
Home
မြန်မာသတင်း
ကရင်လူမျိုးလွတ်လပ်မှုအမြန်ဆုံးရရှိရန် ရန်သူကိုတိုက်ထုတ်ရမည်ဟု KTLA စစ်ဦးစီးချုပ် ပြော
DVB
·
December 14, 2022
ကရင်လူမျိုးလွတ်လပ်မှုအမြန်ဆုံးရရှိရန် ရန်သူကိုတိုက်ထုတ်ရမည်ဟု KTLA စစ်ဦးစီးချုပ် ပြော
Donate to DVB

ကရင်လူမျိုးလွတ်လပ်မှု အမြန်ဆုံးရရှိဖို့ တခြားတိုင်းရင်းသားတွေနဲ့ အတူတကွလက်တွဲပြီး ရန်သူကို တိုက်ထုတ်ရမှာဖြစ်သလို လူမျိုးစုအရေအတွက် များနေပါစေ၊ လွတ်လပ်မှုမရှိရင် အစေ ခံမျှသာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၂၂ ရက် ကျရောက်မယ့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင် နှစ်သစ် ကူးနေ့မိန့်ခွန်းမှာ ကော်သူးလေတပ်မတော် (KTLA) စစ်ဦးစီးချုပ် စောနယ်ဒါးမြက ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်လူမျိုးတွေအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး ရှေးယခင်ဘိုးဘွားတွေ လက်ထက်ကတည်းကပင် ကမ္ဘာက အသိအမှတ်ပြုတဲ့ ကရင်နှစ်သစ်ကူးနေ့တနေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာက လူမျိုးစုတစုအနေနဲ့ အသိအမှတ်ပြုထားသလို ကရင်လူမျိုးတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတာ၊ လူမျိုးစုရွေးချယ်ထားတဲ့ ခေါင်းဆောင်ရှိတာ၊ ကရင်လက်နက်ကိုင်စစ်သားတွေအပြင် ကရင်ပြည်သူတွေလည်းရှိကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် လူမျိုးစုအရေအတွက် မည်သို့ပင်များနေပါစေ၊ လွတ်လပ်မှုမရှိရင် အစေခံမျှသာဖြစ်ပြီး ရှေးဘိုးဘွားလက်ထက်ကတည်းက ကရင်လူမျိုးတွေကို လူမျိုးစုတစုအဖြစ် အသိအမှတ်ပြုဖို့အတွက် နည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားခဲ့ပေမဲ့ ဒီကနေ့တိုင် လွတ်လပ်ပြည့်စုံမှု မရှိသေးဘူးလို KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြက ပြောပါတယ်။

ဆက်လက်ပြီး ကရင်လူမျိုးတွေကို ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်မှုတွေ၊ နည်းလမ်းပေါင်းများစွာနဲ့ မတရားနှိပ်စက်မှုတွေကို စည်းစည်းလုံးလုံးနဲ့ အတူတကွလက်တွဲပြီး ကရင်ပြည်သူတွေ လွတ်လပ်မှုရှိအောင် ကြိုးစားလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

လွတ်လပ်မှုနဲ့ အနိုင်ရရှိမှုကို မိမိတို့မလုပ်ဆောင်ရင် မည်သူတဦးတယောက်ကမှ မလုပ်ဆောင်ကြောင်း၊ ကရင်လူမျိုးတွေရဲ့ အခက်အခဲဟာ အားလုံးရဲ့ အခက်အခဲဖြစ်ပြီး အတူတကွ ပြန်လည်ပေါင်းစည်းပြီး ရဲရဲရင့်ရင့် သတ္တိရှိရှိနဲ့ ကရင်လူမျိုးတွေရဲ့ လွတ်လပ်မှုအတွက် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကရင်လူမျိုးလွတ်လပ်မှုကို အမြန်ဆုံးရရှိစေဖို့၊ တခြားတိုင်းရင်းသား လူမျိုးစုတွေနဲ့ အတူတကွလက်တွဲပြီး ရည်မှန်းချက်ပန်းတိုင်အပြင် ဦးတည်ချက်တူညီသူတွေနဲ့ ပေါင်းစည်းကာ ရန်သူတွေကို တိုက်ထုတ်ရမှာဖြစ်ပြီး ကရင့်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြ ပြောကြားခဲ့တဲ့ “လွတ်လပ်ခြင်းသည် တိုက်ရဲသောသူများအတွက်သာ” ဖြစ်တယ်လို့ ပြောပါတယ်။

အခုကာလ ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်လူမျိုးတွေအတွက် ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကူးအချိန်ဖြစ်ပြီး မိမိတို့ ကရင်လူမျိုးတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ အောင်မြင်မှုတွေကို ရရှိနိုင်မယ့် နှစ်သစ်တခုဖြစ်စေဖို့ ဆုမွန်ကောင်းတောင်း တိုက်တွန်းလိုကြောင်း စစ်ဦးစီးချုပ် စောနယ်ဒါးမြက အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။

ကော်သူးလေတပ်မတော် (KTLA) ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ စောနယ်ဒါးမြက စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းခဲ့တာဖြစ်သလို ကော်သူးလေတပ်မတော်က တပ်ဖွဲ့ဝင်တွေဟာ တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေ၊ စစ်ကြောင်းတွေကို KNLA၊ KNDO တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေပြီး အောင်မြင်မှုတွေပါ ရရှိနေတဲ့ တပ်မတော်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013