
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ရဲ့ ဒုစစ်ဦးစီးချုပ် တာ၀န်ယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကို စစ်ဦးစီးချုပ်ရာထူး ခန့်အပ်ခဲ့တယ်လို့ KNU အမြဲတမ်း ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။
KNLA ရဲ့ ဗိုလ်ချုပ်ကြီး စောဂျော်နီ ကျန်းမာရေးမကောင်းမွန်တဲ့အတွက် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရာထူးနဲ့တာဝန် ဇူလိုင်လအတွင်းက ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
ပဒိုစောသမိန်ထွန်းက “ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက စစ်ဦးစီးချုပ် ဖြစ်သွားတော့ ဗိုလ်ချုပ်ကြီး ဖြစ်သွားတယ်။ ခန့်အပ်လိုက်တာက တပ်မတော်အစည်းအဝေးကနေပဲ EC ကနေပဲ ခန့်အပ်လိုက်တာ။ ဒီလ ဇူလိုင်လအတွင်းမှာပဲ” လို့ ပြောပါတယ်။
ဒုစစ်ဦးစီးချုပ်အသစ်ကို တပ်မဟာ ၃ တပ်မဟာမှူးတာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ် စောလေးပေါကို ခန့်အပ်တာဝန်ပေးခဲ့ပြီး လက်ရှိမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးနဲ့ KNU ဗဟိုဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လစ်လပ်နေတဲ့ တပ်မဟာ ၃ တပ်မဟာမှူးရာထူးနဲ့ တာဝန်ကို ရွေးချယ်ခန့်အပ် တာဝန်ပေးထားတာ မရှိသေးအတွက် ဆက်လက်ရွေးချယ်သွားဖို့ ရှိတယ်လို့ ဗဟိုကော်မတီဝင် တာဝန်ရှိသူက ပြောပါတယ်။
စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဟာ ကရင့်တော်လှန်ရေးအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သူဖြစ်ပြီး တပ်မဟာ ၅ နယ်မြေအတွင်းမှာ စစ်အာဏာရှင်တွေကို လက်မခံဘဲ တော်လှန်တိုက်ခိုက်နေတဲ့ ခေါင်းဆောင်အဖြစ် ကရင်လူထုတွေကြား ထင်ရှားသူတယောက် ဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲရဲ့ ဇာတိနယ်မြေ ဖာပွန်(လူသော) မြို့နယ်အတွင်းကို စစ်အာဏာရှင်စစ်ကြောင်းတွေက လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။










