DVB Logo
Home
Lead Story
စကစ လူကယ်ပြန်ဝန်ရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး (သို့) ဥပကရဲ့ မယား မုဆိုးသမီး မဆာဝါရဲ့ အမဲမလိုက်ရေး ကမ်ပိန်း
DVB
·
December 14, 2022
စကစ လူကယ်ပြန်ဝန်ရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး (သို့) ဥပကရဲ့ မယား မုဆိုးသမီး မဆာဝါရဲ့ အမဲမလိုက်ရေး ကမ်ပိန်း
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar) အဖွဲ့က ဖက်ဆစ်စစ်တပ်က အာဏာလုယူခဲ့တဲ့ ၁ နှစ်ခွဲကျော် ကာလအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှု‌တွေကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်ပေါင်း ၃၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ အဓမ္မပြုကျင့်၊ မီးရှို့သတ်ဖြတ်ခံရမှုတွေလည်း ပါဝင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် မြန်မာစစ်ဓားပြတပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေအတွက် အောက်မေ့သတိရတဲ့အနေနဲ့ ထုတ်ပြန် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လူသားတိုင်းအတွက် အလွန်ထိတ်လန့်တုန်လှုပ်စရာ ကောင်းသလို ကြေကွဲဝမ်းနည်းဖို့လည်း ကောင်းလှပါတယ်။

အဆိုပါ အသက်ဆုံးပါးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာတော့ လူထုလူတန်းစား အလွှာအသီးသီးက ကျောင်းသူတွေ၊ ဆန္ဒပြသူတွေ၊ ဆရာမတွေ၊ သူနာပြုတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ သီလရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဈေးဆိုင်အလုပ်သမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ ခုခံတော်လှန်ရေးသမားတွေနဲ့ အလုပ်သမားတွေ စသည်ဖြင့် အမျိုးမျိုးပါဝင်ကြပါတယ်။

ဒါကြောင့်မို့လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ကမ္ဘာနှင့်အဝန်းတွင် နှစ်စဥ်ကျင်းပလေ့ရှိတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ဖဲကြိုးဖြူကမ်ပိန်းကို ပါဝင်ကြဖို့ နှိုးဆော်နေခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဘယ်လိုနည်းနဲ့မှ ကိုယ်တိုင် မကျူးလွန်တဲ့အပြင် ဒီလိုအကြမ်းဖက်မှု‌တွေကို လျော့ကျသွားစေဖို့ တတပ်တအား ပါဝင်ကြိုးပမ်းမယ်လို့ ကတိပြုကြမယ့် ဖဲကြိုးဖြူကမ်ပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်းနေခဲ့ပါတယ်။

အဲ့ဒီလို အဖိနှိပ်ခံ ပြည်သူလူထုနဲ့ မတရားမှုကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက အမျိုးသမီး‌ထုအတွက် စစ်မှန်တဲ့ ဖဲကြိုးဖြူကမ်ပိန်း ကျင်းပနေကြချိန်မှာ အကြမ်းဖက် သတ်ဖြတ်‌နေတဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီးဆိုသူ သက်သက်ခိုင်က ဦးစီးပြီး ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို အရှက်မရှိ ကျင်းပခဲ့ပါတယ်။

ဒါကြောင့်မို့လို့လည်း သူတို့အခမ်းအနားရဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ တော်လှန်ရေးရဲဘော်တချို့က “မုဒိမ်းစစ်တပ် အမြစ်ဖြတ်”၊ “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” စတဲ့ စာသားတွေနဲ့ ဝင်ရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဥပကနဲ့ မဆာဝါ ဇာတ်ထုပ်ဆိုရင် မြန်မာဗုဒ္ဓဘာသာဝင်အများစု ကြားဖူးကြပါလိမ့်မယ်။  ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့နောက် ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ ၅ ပါးကို ဓမ္မစကြာ တရားဦးဟောဖို့ ကြွတော်မူရာလမ်းက မဟာဗောဓိနဲ့ ဂယာသီသကြားမှာ တက္ကတွန်း ဥပကနဲ့ဆုံခဲ့ပြီး အခိုက်အတန့် စကားဆိုခဲ့ကြပါတယ်။

အဲ့ဒီအချိန်အခါက ဥပကဟာ ဝင်္ကာဟာရဇနပုဒ် မုဆိုးရွာမှာ မုဆိုးကြီးတယောက်ရဲ့ ကိုးကွယ်လုပ်ကျွေးတာ ခံနေတဲ့ ရသေ့ တက္ကတွန်းတပါး ဖြစ်ပါတယ်။ နောက်တော့ ဆွမ်းအလုပ်အကျွေးပြုတဲ့ မုဆိုးကြီးရဲ့သမီး မဆာဝါကို စွဲလမ်းတာမို့ လူဝတ်လဲလို့ မဆာဝါနဲ့ အိမ်ထောင်ပြုပြီး မုဆိုးကြီးနောက်ကိုလိုက် အမဲသားထမ်းရပါသတဲ့။

မုဆိုးသမီး မဆာဝါက တက္ကတွန်းလူထွက် ဥပကနဲ့ ရလာတဲ့ သားကို ချော့သိပ်တဲ့အခါ သက်ကြားအို ရသေ့လူထွက် ဥပကကို အသုံးမကျကြောင်း စောင်းမြောင်းတဲ့သီချင်း ဆိုသိပ်ပါတယ်။ မဆာဝါက သူ့လင် တက္ကတွန်းလူထွက် ဥပကဟာ သူ့အဖေမုဆိုးကြီး အမဲလိုက်ရာမှာ ဘာမှအဖြစ်မှမရှိဘဲ အမဲကောင်ထမ်းဖို့လောက်သာ တတ်ပြီး အမဲလိုက်ပညာ မတတ်တာမို့ အထင်သေး အမြင်သေးနဲ့ နှိမ်ချလေ့ရှိပါတယ်။

မဆာဝါတို့ဆိုတာ အဖေက မုဆိုးကြီး၊ လင်က နောက်လိုက် အမဲသားထမ်းဆိုတော့ သတ္တဝါတွေအသက် သတ်ဖြတ်ပြီး ခုတ်ထစ်ရောင်းချပြီး အသက်မွေးရတာမဟုတ်လား။  သူတို့လိုလူမျိုးတွေက သတ္တဝါတွေ အသက်မသတ်‌ရေး၊ အမဲမလိုက်ရေးအကြောင်း ပြောရင် ကြားရတဲ့သူတွေက ရယ်မောဟားတိုက် လှောင်ပြောင်ကြမှာ အသေအချာပါပဲ။

အခုလည်း ကိုယ်ဝန်ဆောင်တွေ အပါအဝင် အမျိုးသမီးနဲ့ မိန်းကလေးငယ်ပေါင်း ၃၀၀ ကျော်ကို အဓမ္မပြုကျင့်၊ မီးရှို့သတ်ဖြတ်၊ ပစ်ခတ်သတ်ဖြတ်ခဲ့ သတ်ဖြတ်နေဆဲ စစ်ရာဇဝတ်ဂိုဏ်းကြီးမှာ ပြည်သူက မခန့်ထားတဲ့ လူကယ်ပြန်ဝန်ရာထူးကို တရားမဝင်ယူထားသူက အသံကောင်းဟစ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလို့ ပြောလာတာဟာ တက္ကတွန်းလူထွက် ဥပကရဲ့မယား၊ မုဆိုးရဲ့သမီး အမဲသားငါးတွေ ခုတ်ထစ် အသက်မွေးရတဲ့ မဆာဝါက အမဲလိုက်ရေး မလုပ်ဖို့ ပြော‌နေသလိုပဲလို့ တင်စားချင်ပါတယ်။ ခွေးနဲ့ပါးချပ် မအပ်စပ် ဆိုသလိုပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ အမျိုးသမီးထုကြီးရဲ့ ဂုဏ်သိက္ခာကို နင်းချေစော်ကားလို့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ မရေတွက်နိုင်အောင် ကျူးလွန်‌နေတဲ့ ဖက်ဆစ် မုဒိမ်း လူသတ် အကြမ်းဖက် အာဏာလုစစ်ကောင်စီရဲ့ လူကယ်ပြန်ဝန် သက်သက်ခိုင်ရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကမ်ပိန်းဆိုတာ သားသတ်မုဆိုးကြီးသမီး၊ မုဆိုးနောက်လိုက် တက္ကတွန်းလူထွက် ဥပကရဲ့မယား မဆာဝါရဲ့ အမဲမလိုက်ရေး ကမ်ပိန်းလို့ တင်စားရလောက်အောင် အနှစ်သာရမပါဘဲ အပြောတခြား အလုပ်တခြားနဲ့မို့ သိတတ်နားလည်တဲ့ ပြည်သူတိုင်းက ရှုတ်ချ ဆန့်ကျင်နေကြတာကို ယိုသူမရှက် မြင်သူရှက်မိပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013