
ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်က လှိုင်းစီးအသက်ကယ်အဖွဲ့က ငါးမန်းတွေကို စောင့်ကြည့်နိုင်စေဖို့ သြစတြေးလျနိုင်ငံ ခူဂျီကမ်းခြေပေါ်မှာ ဒရုန်းတွေ ပျံသန်းမှုအပေါ် တားမြစ်ချက်ကို ပြည်နယ်အစိုးရရဲ့ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ပြန်သုံးသပ်မယ်လို့ ဇွန် ၁၄ ရက်မှာ ပြောပါတယ်။
ဇွန် ၁၃ ရက်က ငါးမန်းတိုက်ခိုက်မှုတခုကြောင့် အမျိုးသမီးတယောက် အပြင်းအထန် ဒဏ်ရာရပြီးတဲ့နောက် ဆေးရုံတင်ပေးထားရပါတယ်။
အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ကမ်းခြေကနေ ပေ ၁၀၀ လောက်အကွာမှာ ငါးမန်းကြီးတကောင် ကိုက်တာ ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် စနေနေ့မနက်မှာ သြစတြေးလျရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီမြို့ရဲ့ အရှေ့ဘက်က ခူဂျီကမ်းခြေဆီ အရေးပေါ်ဌာနတွေကိုပါ ဆင့်ခေါ်ခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ခူဂျီကမ်းခြေနဲ့မြို့ရဲ့ ရန်းဒ်ဝစ်ခ်ကောင်စီဧရိယာက တခြားနေရာတွေကို ၂၄ နာရီကြာ ပိတ်ထားခဲ့ရတာပါ။
ဒါပေမဲ့ ဒရုန်းတွေက ငါးမန်းတွေကို ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးဖို့ အရေးပေါ်ပြဋ္ဌာန်းချက်တွေရဲ့ အောက်မှာ ပျံသန်းခဲ့ပါတယ်။
နယူးဆောက်ဝေးလ် စိုက်ပျိုးရေးဝန်ကြီး တာရာ မိုရီယာတီက အစိုးရအနေနဲ့ ရေကူးသူတွေကို ငါးမန်းတွေက တိုက်ခိုက်မှုတွေကနေ ဘေးကင်းစေဖို့ ဒရုန်းတွေနဲ့ တခြားနည်းပညာတွေကို သုံးတာ အပါအဝင် အစီအမံတွေကို စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။
ဩစတြေးလျ အသက်ကယ်သမားတွေက ငါးမန်တွေကို စောင့်ကြည့်ဖို့ ဒရုန်းတွေကို သုံးကြပေမဲ့ ခူဂျီကမ်းခြေဟာ ဆစ်ဒနီမြို့က ကင်းစ်ဖို့ဒ်စမစ်သ်လေဆိပ်ရဲ့ ပျံသန်းမှုလမ်းကြောင်းအောက်မှာ ရှိနေလို့ စီးပွားဖြစ် ဒရုန်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေကို ရင်ဆိုင်နေရပါတယ်။
Source: Reuters










