DVB Logo
Home
မြန်မာသတင်း
အီးယူ- အာဆီယံထိပ်သီးအစည်းအဝေး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရ
DVB
·
December 13, 2022
အီးယူ- အာဆီယံထိပ်သီးအစည်းအဝေး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရ
1 / 2
Donate to DVB

အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ ကျင်းပမယ့် အီးယူ- အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံကြမှာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကိုတော့ တက်ခွင့်မပြုပါဘူး။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထုတွေကို အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေဆက်လက်လုပ်ဆောင်နေပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို  လိုက်နာလုပ်ဆောင်ခြင်းမရှိတဲ့အတွက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေမှာ စစ်ခေါင်းဆောင်ကို တက်ခွင့်မပေးဘဲထားရှိသလို ဥရောပသမဂ္ဂနဲ့ အာဆီယံ ဆွေးနွေးဘက် နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးတွေမှာလည်း မြန်မာကို ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဥရောပသမဂ္ဂ (အီးယူ) နဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေက ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံကို ချန်လှပ်ထားတာဟာ တိုင်းပြည်အတွက် များစွာနစ်နာမှုရှိတဲ့အကြောင်း သုတေသီတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

စီးပွားရေးသုတေသီတဦးက “တက်ရောက်ခွင့်မရတဲ့အတွက် ကျနော်မြင်တာကတော့ဗျာ ပြဿနာက အခွင့်အလမ်းတွေ ဆုံးရှုံးရတာပေါ့နော်။ ဘာကြောင့်လဲဆို ဒီလိုမျိုး ထိပ်သီးဆွေးနွေးပွဲတွေ ဆိုတာမျိုးက အဲဒီမတိုင်ခင် ကြိုပြီးတော့ ပြင်ဆင်ရတာတွေ ရှိတယ်ဗျ။ ပြီးတော့ အစည်းအဝေးရဲ့ပြင်ပ (external) ပေါ့နော်၊ ခေါင်းဆောင်အချင်းချင်း တွေ့ကြ စကားပြောကြ ဒါမျိုးတွေလည်း ရှိကြတယ်လေနော်။ အဲ့တော့ ကိုယ်က မတက်ရတဲ့အခါ အဲဒီ အခွင့်အရေးတွေ အကုန်လုံး ဆုံးရှုံးရတာပေါ့ဗျာ။ အဓိကပြောချင်တာက နိုင်ငံတခုဟာ ကိုယ်တယောက်တည်း အထီးကျန်နေလို့ မရဘူးဗျ။ ပြီးတော့ စီးပွားရေးပိတ်ဆို့မှု ခံနေရတဲ့ အပေါ်မှာလည်း ပြန်ချေသွားအောင် လုပ်နိုင်ဖို့လိုပါတယ်။ အဲ့လိုမဟုတ်ပဲ ကိုယ်တယောက်တည်း အထီးကျန်နေမယ်၊ စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုလည်း ရင်ဆိုင်နေရတယ်ဆိုရင် တိုင်းပြည်အတွက်က ဘယ်လိုမှ မကောင်းနိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီကတော့ ပြည်ပကနေ တင်သွင်းရတဲ့ သွင်းကုန်တွေကို လျှော့ချနေတဲ့အပြင် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ဖယ်ကြဉ်မှုကြောင့်လည်း တံခါးပိတ် စီးပွားရေးစနစ်ဆီ ခြေလှမ်း လှမ်းလို့ နေပါတယ်။

မူဝါဒရေးရာသုတေသီတဦးကတော့ “Trade is better of every body လေ။ ဆိုတော့ ကိုယ့်ဆီမှာ ကုန်သွယ်ဘက်က များများရှိဖို့လိုတာပေါ့။ ဒါပေမဲ့ စစ်ကောင်စီက သူစဉ်းစားနေတဲ့ပုံစံဟာ သွင်းကုန်တွေကို လျှော့ချမယ်။ ပြည်ပကိုတော့ ကျနော်တို့ဆီက ထွက်ကုန်တွေ ပို့မယ်ပေါ့။ ဒါက ဘာလဲဆိုတော့ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာ အကျပ်အတည်း သူ့ဆီမှာ ရှိလာတော့ ဒါမျိုးတွေ လုပ်နေတာလေ။ ဆိုတော့ ဒါက မှန်ကန်တဲ့ စီးပွားရေးမူဝါဒလားဆိုတာ ပြန်စဉ်းစားဖို့ လိုပါတယ်။ ကျနော့်အမြင်ကတော့ ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ တတ်နိုင်သလောက် ကိုယ်က ပါဝင်နိုင်ဖို့ လိုပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် တံခါးပေါက်တွေကိုလည်း ပိုပြီးတော့ ဖွင့်ထားနိုင်မှ တိုင်းပြည်က ဖွံ့ဖြိုးမှာ။ အဲ့လိုမှ မဟုတ်ရင်တော့ တိုင်းပြည်က နစ်သထက် နစ်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ ရုရှားနဲ့ တရုတ်ကို အားကိုးပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးတက်ရေးအတွက် အဆိုပါနှစ်နိုင်ငံကို ဖိတ်ခေါ်လျက်ရှိပြီး အာဏာသိမ်းယူထားတဲ့ ကာလအတွင်းမှာ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနေပါတယ်။

အီးယူ ဥရောပါလီမန်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ပြီးခဲ့တဲ့သီတင်းပတ်က NUG ဝန်ကြီးကို  တက်ရောက်စကားပြောဖို့ ဖိတ်ကြားခဲ့ပါတယ်။

လာမယ့် EU- ASEAN ထိပ်သီးအစည်းအဝေးမှာ ဥရောပသမဂ္ဂ အနေနဲ့ပြတ်သားတဲ့ ရပ်တည်ချက်အတိုင်းရပ်တည်ရုံမက  အာဆီယံကို ပိုမိုထိရောက်ပြင်းထန်တဲ့လုပ်ဆောင်မှုတွေ လုပ်ဆောင်လာဖို့ ကြိုးပမ်းရမှာ ဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Photo-Cambodia PM

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013