DVB Logo
Home
Lead Story
မော်ရိုကို .. မော်ရိုကို .. မော်ရိုကို…
DVB
·
December 13, 2022
မော်ရိုကို .. မော်ရိုကို .. မော်ရိုကို…
Donate to DVB

“ဘောလုံးပွဲကလည်းဟယ်.. မွန်ဂိုလီးယားက နိုင်သွားတယ်တဲ့။ တခါမှ မကြားဖူးဘူး..။ ဟိုအကောင်တွေ ရှုံးသွားတယ်”

“ဟဲ့ ဘယ်က မွန်ဂိုလီးယားလဲ.. မဟုတ်ပါဘူး။ ဘာတဲ့ မော်ရိုကို၊ မော်ရိုကို နိုင်သွားတယ်။”

“သိပါဘူး .. ညက မီးလာလို့ သားအမိတွေ ထိုင်ကြည့်ကြတာလေ၊ ကြည့်လို့တော့ကောင်းသား”

လက်ဖက်ရည်ဆိုင်က ပွဲစားမိန်းမကြီးနှစ်ယောက် ဒဂုံတောင် မြေကွက်အရောင်းအဝယ် စကားတွေ ကုန်သွားတော့ ဘောလုံးအကြောင်းဘက် လှည့်ပြောတာကို နားစွန်နားဖျား ကြားလိုက်ရတယ်။

ကမ္ဘာ့ဖလားက အရပ်ထဲက မိန်းမကြီးတွေရဲ့ စကားဝိုင်းထဲအထိ ရောက်လာတယ်။

ကွာတားဖိုင်နယ်မှာ မော်ရိုကိုက နာမည်ကျော် ဒိုလေးတို့ရဲ့ ပေါ်တူဂီကို နိုင်သွားတော့ ပြောစမှတ် ဖြစ်လာတယ်။ မော်ရိုကိုရဲ့အသံက ပိုကျယ်လာတယ်။ မော်ရိုကိုက ၂၀၀၄ ယူရိုချန်ပီယံ ဂရိလို ဖြစ်လာမလားဆိုပြီး ထင်ကြေးပေး ပြောဆိုမှုတွေ ရှိလာတယ်။ ၂၀၀၄ တုန်းက ကော်ကောင် ဂရိကို ဘယ်သူမှ ထင်မထားခဲ့ကြဘူး။ အခုလည်း မော်ရိုကိုက ဒီနှစ်ကမ္ဘာ့ဖလားမှာ မထင်တာ လုပ်ပြလေဦးမလားလို့ မျှော်လင့်နေကြတာ။

မော်ရိုကိုက အာဖရိက အနောက်မြောက်ဖျား အတ္တလန္တိတ်သမုဒ္ဒရာကို မျက်နှာမူထားတဲ့ နိုင်ငံငယ်ကလေး။ မွတ်ဆလင်အများစု နေထိုင်တဲ့ အာဖရိက အာရပ်နိုင်ငံ။ ဥရောပကုန်းမြေနဲ့ ဂျီဘရောလ်တာ ရေလက်ကြားတခုသာ ခြားထားတဲ့နိုင်ငံ။ ဟိုဘက်ကမ်းကို ခုန်ကူးလိုက်တာနဲ့ စပိန်ကိုရောက်ပြီ။ ဒါကြောင့် ဆင်းရဲတဲ့ မော်ရိုကိုနိုင်ငံသား အများအပြားဟာ ဥရောပနဲ့ တခြားကမ္ဘာ့နိုင်ငံအများအပြားကို ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကြတယ်။ ကိန်းဂဏန်းတွေအရ မော်ရိုကိုအပြင်ဘက် ရောက်နေကြတဲ့ မော်ရိုကိုနိုင်ငံသား ၅ သန်းကျော် ရှိတယ်။ မော်ရိုကိုရဲ့ လက်ရှိလူဦးရေက ၃၇ သန်းရှိတယ်။ မော်ရိုကိုက မွတ်ဆလင်နိုင်ငံ ဆိုပေမဲ့ လစ်ဘရယ်ဆန်တယ်။ အစွန်းမရောက်ဘူး။ ယဉ်ကျေးမှုအရ ဥရောပရဲ့ လွှမ်းမိုးမှုရှိတယ်။ အတိတ်သမိုင်းကိုကြည့်ရင် စပိန်ရဲ့ ကိုလိုနီပြုတာကို ခံရဖူးသလို ပြင်သစ် အစောင့်အရှောက်ခံ အဖြစ်လည်း နေခဲ့ရတယ်။ မော်ရိုကိုမှာ အာရပ်ဘာသာစကား အဓိကပြောပေမဲ့ ပြင်သစ်ဘာသာစကားလည်း ပြောကြတယ်။

ပြင်သစ်နဲ့က ရာဇဝင်ရှိတယ်။ မော်ရိုကို လွတ်လပ်ရေးအတွက် ၁၉၅၃ မှာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးဟာ ပြင်သစ်ကို အဓိက ဆန့်ကျင်တော်လှန်တာ ဖြစ်တယ်။

အံ့အားသင့်ဖွယ်ကောင်းစွာပဲ မော်ရိုကိုဟာ ကာတာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ လာတွေ့တယ်။ ခု မော်ရိုကိုက ကမ္ဘာ့ဖလားသမိုင်းမှာ ဆီမီးဖိုင်နယ်အထိ တက်လာနိုင်တဲ့ ပထမဦးဆုံး အာဖရိကအသင်း ဖြစ်လာတယ်။ ဒီနှစ် ကမ္ဘာ့ဖလားက အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံ ကာတာမှာ ကျင်းပတာဖြစ်လို့ အာရပ်အသင်းတသင်း ဒီအဆင့်ထိ ရောက်လာတာကို အရှေ့အလယ်ပိုင်း မွတ်ဆလင်နိုင်ငံတွေအားလုံး ဂုဏ်ယူနေကြတယ်။

မော်ရိုကိုဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ ရှုံးပွဲလုံးဝမရှိ၊ (ကနေဒါနဲ့ပွဲမှအပ) ပေးဂိုးလုံးဝမရှိဘဲ ဆီမီးဖိုင်နယ်ကို တက်လာခဲ့တာဖြစ်တယ်။ သူနဲ့ရင်ဆိုင်ရမယ့် ပြင်သစ်ကမှ အုပ်စုတွင်းမှာ တူနီးရှားကို (၁-၀) နဲ့ ရှုံးခဲ့သေးတယ်။ (အဲဒီပွဲက ပြင်သစ် ဒုတိယလူစာရင်းနဲ့ ပွဲထွက်ခဲ့တာ)။ ထားပါတော့။ မော်ရိုကိုရဲ့ အုပ်စုတွင်းပွဲမှာ ခရိုအေးရှားကို ဂိုးမရှိသရေ၊ ဘယ်လ်ဂျီယံကို (၂-၀) အနိုင်။ ၁၆ သင်းဆင့်မှာ စပိန်ကို ဂိုးမရှိသရေ။ ပင်နယ်တီနဲ့ နောက်တဆင့်တက်။ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကို (၁-၀) နဲ့ နိုင်။

မော်ရိုကိုရဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲတွေနောက်မှာ ဘယ်လိုအားသာချက်တွေ ရှိနေသလဲ။ ခု ကမ္ဘာ့ဖလား ဝင်ပြိုင်နေတဲ့ မော်ရိုကို ကစားသမား ၂၆ ဦးစာရင်းမှာ ၁၄ ဦးဟာ မော်ရိုကိုမှာ မွေးဖွားကြသူတွေမဟုတ်ဘဲ ပြည်ပရောက် ရွှေ့ပြောင်း မော်ရိုကိုနိုင်ငံသားတွေက မွေးဖွားပြီး ပြည်ပမှာကြီးပြင်း၊ ပြည်ပမှာ ဘောလုံးကစားကြသူတွေဖြစ်တယ်။ မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာအရပ်ရပ်မှာ ကစားနေတဲ့ ထူးချွန်တဲ့ မော်ရိုကိုနိုင်ငံသား ကစားသမားတွေကို ကင်းထောက်ခေါ်ယူပြီး မော်ရိုကိုလက်ရွေးစင်အဖြစ် ယှဉ်ပြိုင်စေတာ ဖြစ်တယ်။

ဘိုနို လို့ခေါ်တဲ့ မော်ရိုကို ဂိုးသမားဟာ ကနေဒါမှာမွေးပြီး လက်ရှိ စပိန်လာလီဂါကလပ် ဆီဗီလာရဲ့ ဂိုးသမားလည်းဖြစ်တယ်။ ညာတောင်ပံမှာ ခြေစွမ်းပြနေတဲ့ ဟာကီမီက မက်ဒရစ်မြို့မှာ မွေးဖွားသူဖြစ်ပြီး ကွင်းလယ်ကစားသမား ဆိုဖရန် အမရာဘတ်က နယ်သာလန်မှာ မွေးသူဖြစ်သလို တိုက်စစ်မှူး ဆိုဖီယန် ဘိုဖဲက ပြင်သစ်မှာ မွေးသူပါ။ မော်ရိုကို လက်ရွေးစင်တွေဟာ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန် စတဲ့နိုင်ငံတွေမှာ ကစားနေကြတဲ့ မော်ရိုကိုနိုင်ငံသားတွေကို စုစည်းထားတာဖြစ်တယ်။

ပြည်ပမှာမွေးတဲ့ မော်ရိုကို ကစားသမားတွေကို နိုင်ငံကိုယ်စားပြုပေးဖို့ ခေါ်ယူတဲ့အခါ အခက်အခဲတချို့ရှိပေမဲ့ အားလုံးက မိခင်နိုင်ငံအတွက်ပဲ လိုလိုလားလား လက်ခံ ကစားပေးကြတယ်။ နယ်သာလန်မှာမွေးတဲ့ ဟာကင်မ် ဇီရက်ချ် ဆိုရင် ရော်နယ်ကိုးမင်းက နယ်သာလန်ကို ကိုယ်စားပြုပေးဖို့ ခေါ်ပေမဲ့ မော်ကိုကို ကိုပဲ ရွေးချယ်ခဲ့တယ်။ အမရာဘတ် ဆိုရင် နယ်သာလန်ကိုယ်စားပြုပြီး သက်ငယ်တန်းတွေမှာတောင် ဝင်ကစားခဲ့ပြီးပြီ။ နောက်ဆုံးမှာ မော်ရိုကို ကိုပဲ ရွေးချယ်ခဲ့တယ်။ “ကျနော့မိဘတွေက မော်ရိုကိုလူမျိုး၊ အဘိုး အဘွားတွေကလည်း မော်ရိုကိုပဲ။ မော်ရိုကိုပြန်သွားတိုင်း အိမ်ပြန်သွားသလို ခံစားရတယ်” လို့ သူကပြောတယ်။

“ကစားသမားတွေကို နိုင်ငံကိုယ်စားပြု ခေါ်ယူတဲ့အခါမှာ အခက်အခဲလေးတွေတော့ ရှိတယ်။ ကျနော်တို့ အတင်းအကျပ်မလုပ်ဘူး။ ကစားသမားရဲ့ဆန္ဒပဲ။ ခုဆိုရင် ကစားသမားတွေဟာ မော်ရိုကိုအဖြစ်ခံယူပြီး မော်ရိုကိုနိုင်ငံအတွက် ရေကုန်ရေခန်း ကြိုးစားကစားပေးနေကြတယ်။ ကစားသမားတဦးဟာ မိခင်နိုင်ငံကို ကိုယ်စားပြုလာတဲ့အခါ မျိုးချစ်စိတ်နဲ့ အရာရာကို ပေးဆပ်ဖို့ အသင့်ဖြစ်လာတယ်။ ကျနော်ဆိုရင် ပြင်သစ်မှာ မွေးခဲ့တယ်။ ဒါပေမဲ့ ကျနော့်နှလုံးသားကို တခြားနိုင်ငံတခုနဲ့ အစားထိုးလို့မရဘူး” လို့ လက်ရှိ မော်ရိုကိုနည်းပြ Walid Regragui က ပြောတယ်။

နည်းပြ ဝါလစ်ဟာ ရွှေ့ပြောင်း မော်ရိုကို မိဘနှစ်ပါးက ပြင်သစ်နိုင်ငံမှာ မွေးဖွားပြီး ပြင်သစ်လီဂူးကလပ်တွေမှာ ကစားသမားဘဝနဲ့ ဖြတ်သန်းခဲ့သူဖြစ်တယ်။ မော်ရိုကို လက်ရွေးစင်ကို ကမ္ဘာ့ဖလားမတိုင်ခင် နှစ်လကမှ ရောက်လာသူဖြစ်တယ်။ သူရောက်လာပြီးတော့မှ ချဲလ်ဆီးကစားသမား ဟာကင်မ် ဇီရက်ချ်နဲ့ ဘိုင်ယန်မြူးနစ်က Noussair Mazroui တို့ကို မော်ရိုကိုအသင်းဆီ ခေါ်ယူနိုင်ခဲ့တာ ဖြစ်တယ်။ ဝါလစ်က မော်ရိုကို ကလပ် Wydad ကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၁-၂၂ ဘောလုံးရာသီ အာဖရိကချန်ပီယံလိဂ်ပြိုင်ပွဲမှာ နာမည်ကျော် လက်ရှိ နှစ်ထပ်ကွမ်းချန်ပီယံ အီဂျစ်ကလပ် အယ်လ် အာလီကို အနိုင်ရထားဖူးလို့ သူ့ကို “မော်ရိုကိုရဲ့ ဂွါဒီယိုလာ” လို့လည်း တင်စားကြတယ်။

ဒါက ခု ဆီမီးဖိုင်နယ်တက်လာပြီး လူပြောများနေတဲ့ မော်ရိုကိုအသင်းရဲ့ နောက်ခံဖြစ်စဉ်လေးတွေပါ။ လာမယ့် ဗုဒ္ဓဟူးနေ့၊ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ တွေ့တဲ့အခါ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ ရာဇဝင်ကြွေးတွေကို မော်ရိုကိုက ပြန်ဆပ်နိုင်မလား။ လက်ရှိချန်ပီယံ ပြင်သစ်ကပဲ ဖြတ်ကျော်သွားမလား..၊ စောင့်ကြည့်ကြပါစို့..။

CWM

Ref- Morocco’s foreign-born contingent deliver at Qatar World Cup -REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013