
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံတံတားအဆင်းမှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား နှစ်ယောက်ကို ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့သူတဦးက “ရွှေပေါက်ကံဘက်ကနေ ကျန်စစ်သားလမ်းကို ဆိုင်ကယ်မောင်းလာတာ အားလုံး သုံးယောက်၊ တယောက်က ကွမ်းယာဆင်းဝယ်လို့ ကျန်ခဲ့တာ။ အဲ့ဒါ ဟိုဘက်ခြမ်း အဆင်းလေးမှာပဲ ဖမ်းတာ။ မနက်ကတည်းက စစ်ကား နှစ်စီး၊ မီးတန်း တစီးနဲ့ ဒီနားပတ်နေတာ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနက် ၁၀ နာရီခွဲလောက်က အရှေ့ဒဂုံမြို့နယ်၊ ၁၂၄ ရပ်ကွက်၊ အင်းဝလမ်းရှိ လဝကရုံးကို လက်လုပ်ဗုံးနဲ့ အပစ်ခံရတာကြောင့် အရှေ့ဒဂုံမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်ဘက်တွေမှာ စစ်ကားတွေနဲ့ လှည့်လည်နေတယ်လို့ သိရပြီး တံတားအဆင်းနဲ့ လမ်းဆုံတွေမှာ ဖုန်းနဲ့ ဆိုင်ကယ်တွေ စစ်နေပါတယ်။
အဆိုပါရပ်ကွက်ရှိ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက “အဖမ်းခံရတဲ့နှစ်ယောက်က ၅၀ ရပ်ကွက်ထဲနေတဲ့ ကောင်လေးတွေ။ ရွှေပေါက်ကံဘက်က ကားဝပ်ရှော့မှာလုပ်တယ်။ နေ့လယ်က ဆိုင်ကယ်မောင်းလာတာ တံတားအဆင်းမှာ ဖမ်းနေတာမြင်တော့ ကြောက်ပြီး ဆိုင်ကယ်ပြန်လှည့်တာ၊ အဲ့ဒါ ဟိုက မသင်္ကာလို့ ဖမ်းလိုက်တယ်။ သူတို့ဖုန်းတွေရော ဆိုင်ကယ်ရော သိမ်းသွားတာပေါ့။ မိဘတွေကို အကြောင်းကြားထားတယ်။ ဘယ်ကို ခေါ်သွားလဲတော့ လောလောဆယ် မသိရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း ရန်ကုန် မြောက်ဒဂုံမြို့နယ်၊ ကြိုးတံတားပေါ်မှာ ဆိုင်ကယ်မောင်းလာသူ နှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်တာ ခံခဲ့ရပြီး ဆိုင်ကယ်နဲ့ ဖုန်းပါ အသိမ်းခံခဲ့ရပါသေးတယ်။
ဓာတ်ပုံ [ NOKA Info ]