
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့ စော်ဘွား ၄ ရပ်ကွက်၊ ဈေးတန်း ၁ ရပ်ကွက်နဲ့ မြို့မ ၅ ရပ်ကွက်နေ အမျိုးသား ၃ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့က ဒီဇင်ဘာ ၉ ရက်မနက်ပိုင်းက တနိုင်တပိုင်မိသား စုဝမ်းရေးအတွက် စီးပွားရေးလုပ်ကိုင်နေကြတဲ့ ကိုကျော်ဆန်းမင်း(ဆိုင်ကယ်ပြူပြင်ရေးလုပ်ငန်း)၊ ကိုဇော်သန့်(ကွန်ပျူတာနှင့်လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း)၊ ဦးညွှန့်ဦး (ဆောက်လုပ်ရေး လုပ်ငန်း) တို့ကို CDM လုပ်တဲ့ဝန်ထမ်းတွေကို ထောက်ပံ့ပေးတယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
တမူးမြို့ခံ ကျောင်းဆရာ တဦးက "ဖမ်းခံရတာက ပထမတစ်ခါ ၈ ရက်က ၆ ယောက်၊ ၉ ရက်က ၃ယောက် စုစုပေါင်း ၉ယောက် ဖမ်းခံရတာ။ တချို့တွေဆို မြို့ထဲမှာမနေရဲတော့လို့ ရှောင်တဲ့သူတွေလဲ ရှောင်ကုန်ကြပြီ။ အခု တလောဖမ်းဆီးတာတွေလည်းများနေတယ်။"လို့ ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၉ ယောက်လုံးကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုပြီး တမူးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီဘက်က CDM ဝန်ထမ်းတွေကို ထောက်ပံ့မှုနဲ့ ဆန္ဒထုတ်ဖော်သူတွေကို လူမှုကွန်ရက်ပေါ်မှာ ပုတ်ခတ်ပြောဆိုတဲ့အတွက် ဒေသခံတာဝန်သိပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရဖမ်းဆီးရတာလို့ စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၈ ရက်ကလည်း တမူးမြို့ ဈေးတန်း ၁ ရပ်ကွက်၊ ဈေးတန်း ၅ ရပ်ကွက်၊ စော်ဘွား ၈ ရပ်ကွက်၊ ဈေးတန်း ၁၂ ရပ်ကွက်တို့တွင် နေထိုင်တဲ့ ဒေသခံ ၆ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပါသေးတယ်။
မအေးမာထွန်း သတ်ဖြတ်ခံရတဲ့ ရုပ်သံထွက်ပေါ်ပြီးတဲ့နောက်ပိုင်း တမူးမြို့မှာ စစ်ကောင်စီ တပ်နဲ့ ပျူစောထီးအဖွဲ့ဟာ မြို့တွင်းနေရာအနှံအပြားမှာ စစ်ဆေးဖမ်းဆီးနေပါတယ်။
တမူးမြို့က ဒေသခံအမျိုးသမီး မအေးမာထွန်းသတ်ဖြတ်တာနဲ့ ပတ်သက်ပြီး တမူးမြို့ပေါ်နဲ့ ကလေးမြို့ပေါ်မှာ တပ်ထောက်ခံသူတွေက NUG၊CRPH၊PDF တွေ အလိုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။