DVB Logo
Home
Lead Story
ကြင်စိုးနှင့် အမြွှာပူး (သရော်စာ)
DVB
·
December 9, 2022
ကြင်စိုးနှင့် အမြွှာပူး (သရော်စာ)
Donate to DVB

(က)

မိမိအသိုက်အမြုံမှသည် ဤရွာကလေးဆီသို့ နွေဦးမုန်တိုင်းကြောင့် လွင့်စင်ရောက်ရှိခဲ့သည်မှာ လပေါင်းများစွာရှိပြီ ဖြစ်၏။ သည့်အတွက် သည်ရွာကလူတွေမှာ ‘ရပ်ဆွေရပ်မျိုးတွေ’ ဖြစ်လာခဲ့ပါ၏။ အနေကြာလာတော့ ရွာ၏အထာ၊ ရွာကလူတွေ၏ အလေ့၊ ရွာဦးကျောင်းဆရာတော်နှစ်ပါး၏ မတူကွဲပြားမှုတို့ကိုလည်း သိတော်မူခဲ့ရပါလေတော့၏။

ရွာလူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကျော်က ရဲရဲတောက် ဓမ္မဘက်တော်သားတွေ။ ကြွင်းတဲ့ ၅ ရာခိုင်နှုန်း မရှိတရှိလောက်ကတော့ ခေတ်စကားနဲ့ပြောရရင် ‘ဘောမ’ တွေလို့ သိလာခဲ့ရပါ၏။ အဲသည်အုပ်စုရဲ့ ဦးဆောင်သူကတော့ စိမ်းသရဖူစိမ်းခေါင်းဆောင် အဘစိမ်းမောင်နဲ့ သူ့မိသားစုဝင်တွေပါပဲ။ ‘မိသားစုဝင်တွေ’ လို့ သုံးရပေမဲ့ အဘစိမ်းမောင်ရဲ့ ချစ်သမက်ကြီး ‘ကိုနိုင်’ ကတော့ သူတို့နဲ့ ရင်ဘတ်ချင်းတူပုံမရပါဘူး။

လူတွေအစုံဆိုတော့ ဇာတ်လမ်းတွေအစုံ ကြားသိခွင့်ရခဲ့တာပေါ့ ခင်ဗျာ။ သည်ကြားထဲမှာ အဘစောမူးသာတို့၊ အဘရစ်ချတ်တို့၊ အဘထွန်းခင်တို့၊ စစ်ပြန်ကြီး အဘလုံးတုံးတို့နဲ့ ဆုံလိုက်တိုင်း ဆုံလိုက်တိုင်း ရေနွေးကြမ်းဝိုင်းတွေမှာ ‘စိမ်းသရဖူစိမ်း’ အဘဦးစိမ်းမောင်နဲ့ အပြန်အလှန် ပြောကြဆိုကြတာတွေကို ကြားရတာဟာဖြင့် ‘တဟားဟား’ နဲ့ အစာကြေ ရင်ချောင်လှပါလေ၏။

သည်နေ့မနက်လည်း ရေနွေးကြမ်းဝိုင်းမှာ ဆုံဖြစ်ကြပါတယ်။ အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံး၊ အဘရစ်ချတ်နဲ့ ဖေကြီးတို့တွေ ကောက်ညှင်းပေါင်းနဲ့ အမဲခြောက်ဖုတ်ဆီဆမ်းကို ‌ေလွးနေကြတယ်ခင်ဗျ။ စောစောလာမယ်ပြောတဲ့ အဘစိမ်းမောင်ကတော့ ရောက်မလာသေးပါ။

“အဲသည်ကောင် စိမ်းမောင်ဟာ အဲသလိုပဲ”

“သူလည်း အလုပ်တွေရှုပ်နေမှာပေါ့ မူးသာရာ၊ ဒီရက်ထဲ ဝါခူးဖို့အတွက် လူငှားတာ ရွာထဲက ဘယ်သူမှမရလို့ လုံးတုံးတို့ရွာဘက်အထိ အလုပ်သမားရှာနေရတာကိုးဟ”

“ရစ်ချတ်ပြောတာ ဟုတ်တယ်ကွ၊ ငါ့ကို လူရှာခိုင်းထားသေးတယ်”

သူတို့အဆိုအရ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်တို့ မိသားစုရဲ့ လယ်တွေ ယာတွေအတွက် စပါးကြဲဖို့တို့၊ ပေါင်းရှင်း မြက်နှုတ်ဖို့တို့၊ ပြောင်းစိုက်ဖို့တို့၊ ကြက်သွန်စိုက်ဖို့တို့၊ ပေါင်းဆေးဖြန်းဖို့တို့၊ ရိတ်ဖို့တို့ ဘာတို့အတွက် အခုနောက်ပိုင်းမှာ အလုပ်သမားငှားမရတဲ့ ပြဿနာနဲ့ ကြုံနေရပါသတဲ့။ အစပိုင်းတုန်းက သိပ်မသိသာလှပေမဲ့ အခုနောက်ပိုင်းမှာတော့ သိသိသာသာကြီးကို ငှားမရတော့တာပါတဲ့။

“သူတို့သားအဖတွေ လူရှာမရတဲ့ပြဿနာက ကြီးထွားလာပြီဟ၊ နောင်ဆို ဒီ့ထက်ပိုပြီး ဆိုးမယ့်သဘောပဲ”

“အေးကွာ . . . ဒီကောင်တွေ ခုထက်ထိကို အသိတရား မရသေးဘူး၊ သဘောမပေါက်ကြသေးဘူး”

ဒီမိသားစုက ‘မြဝတီ’ သတင်းတွေကို ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အကျယ်ကြီးဖွင့်ဖွင့်မြဲပါတဲ့။ မအလ အာဏာရူးတာကိုလည်း ခုထက်ထိ ထောက်ခံကာ သဘောတွေကျနေကြသူတွေပါတဲ့။ ရုရှားကိုလည်း သောက်ရမ်းကို အထင်ကြီးသူတွေပါတဲ့။ ပြီးတော့ သူတို့ပါးစပ်ဖျားမှာ ‘လျှပ်စစ်ရထား’ တို့၊ ‘လျှပ်စစ်ကား’ တို့ဆိုတဲ့ ‘စိတ်ကူးယဉ်စီမံကိန်းတွေ’ ရှိပါသတဲ့။ အဆိုးဆုံးကား စစ်ကောင်စီလေတပ်က ရွာတွေကို ဗုံးမိုးရွာတဲ့ရက်ဆို ဒင်းတို့တွေရဲ့ မျက်နှာတွေဟာ ‘မှတ်ပလားကွ’ ဆိုတဲ့ အပြုံးတွေတောင်မှ ဖူးပွင့်နေတာပါတဲ့။

သည်ရွာမှာ သူတို့မိသားစုရဲ့ ခေါင်းပုံဖြတ်မှု၊ မောက်မောက်မာမာနိုင်မှု၊ နင်ပဲငဆပြောမှု၊ ငါအကုန်သိ ငါအကုန်တတ် ‘စဆရက’ လေသံတွေကြောင့် ရွာကရွံကာ ‘ကျဉ်’ ထားသလို  အခြေအနေပါတဲ့။ ဒါကိုလည်း ဂရုမပြုဘဲ ခုထက်ထိကို စဆရက လုပ်ပြီး လေတွေမိုးတွေ ကြီးနေတုန်းပါတဲ့။ အဘစိမ်းမောင်သား အကြီးဆုံးဆိုရင် လေကြီးလွန်းလို့ အမည်ရင်း ‘လေးမောင်’ မှသည် ‘ဝစ္စနှစ်လုံး’ ပြုတ်ကာ ‘လေမောင်’ လို့ တွင်နေတာ ကြာပါပြီတဲ့။

(ခ)

နောက်ထပ် နာရီဝက်လောက်ရှိမှ အဘစိမ်းမောင် ပေါက်ချလာပါ၏။ ရောက်တာနှင့် လူငှားမရတဲ့ပြဿနာကို ဖွင့်ချလာပြန်ပါ၏။ စပါးချိန်တုန်းကလည်း စပါးချိန်မို့လို့၊ ပြောင်းချိန်တုန်းကလည်း ပြောင်းချိန်မို့လို့၊ အခုလို ပဲချိန်ကျတော့လည်း ပဲချိန်မို့လို့ အဲသည် အငှားမရတဲ့ပြဿနာပါတဲ့ ခင်ဗျာ။

“အရင်တုန်းက ရွာထဲကလူတွေ ‘လိုက်’ ချင်တာမှ ငမ်းငမ်းတက် . . . အခုမှ ဘာဖြစ်တယ် မသိဘူး . . . ငှားရင် မအားဘူးချည်းပဲ။ အကုန်လုံး သူဋ္ဌေးတွေဖြစ်ကုန်ကြပြီထင်ပါရဲ့”

“ဟား ဟား ဟား ဟား ဟား ဟား . . . .”

သူ့စကားကို ထရယ်ကြတော့ တင်းသွားပြီး ဘာကြောင့်ရယ်တာလဲလို့ မေးခွန်းထထုတ်ပါလေရာ ဟိုအဘတွေကလည်း သေသေချာချာကို ဖြေကြပြီး သွန်သင်ကြပါသဗျ။

အဘစိမ်းမောင်ကို ထင်ရာတွေ စွတ်စက်မလုပ်ဖို့၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့၊ သဟဇာတဖြစ်ဖို့၊ ရပ်ရေးရွာရေးကို ဂရုပြုဖို့၊ အခုလို ခေတ်ပျက်ကြီးမှာ အမြင်တွေပြောင်းဖို့ . . . စုံနေအောင်ကို ပြောကြ နားချကြပါလေ၏။

ခဏနေတော့ သူ့သားကြီးသြရသ လေမောင် ဝူးဝူးဝါးဝါးနဲ့ရောက်လာကာ သတင်းပို့ပါ၏။ အဘလုံးတုံးတို့ရွာဘက်က ‘အငှားတွေ’ လာမယ်ပြောပြီး မအားလို့ ‘မလာဖြစ်ကြတော့ဘူး’ လို့ ဖုန်းဆက်ကြတယ်တဲ့။ အဘစိမ်းမောင်လည်း ရှူးရှူးရှားရှားတွေ ထပ်ဖြစ်ပြန်တာပေါ့ဗျာ။

“ဟေ့ကောင် လေးမောင် . . . ဘယ်သူ့မှငှားမရရင်လည်း ဘာဖြစ်လဲကွာ . . . ဒို့သားအဖတွေပဲ ကြဲလိုက်ကြရုံပေါ့ . . . ငွေကုန်တောင်သက်သာသေး . . . ဟေး ဟေး ဟေး”

“ဟာဗျာ . . . ကျုပ်တော့ မလုပ်နိုင်ပါဘူး”

“ဘာကွ”

အဘစောမူးသာတို့၊ အဘလုံးတုံးတို့၊ အဘရစ်ချတ်တို့ မျက်နှာတွေကတော့ ပြုံးစိ ပြုံးစိ တွေပါ။ အဘစိမ်းမောင်ကား ‘မျက်ထောင့်စိမ်းကြီး’ ဖြင့် ဒေါသမီးတွေ တောက်လောင်နေပါလေ၏။ သူ ဒေါသထွက်လေလေ ဟိုအဘတွေက ပြုံးလေလေပေါ့ဗျာ။

(ဂ)

အဘစိမ်းမောင် သားကြီးသြရသ ‘လေမောင်’ ပြန်သွားတော့ အဘစိမ်းမောင်မှာ ဒေါသတွေနှင့် ကျန်ခဲ့၏။ ကျန်အဘတွေကား တဦးမျက်နှာ တဦးကြည့်ကာ အဓိပ္ပါယ်ပါပါ ပြုံးနေကြပါလေ၏။ ခဏနေတော့ အဘစောမူးသာက စကားစပါ၏။

“မင်းတို့အဖြစ်ကလည်း ဟိုကောင် ကြင်စိုး သာဝ မအလရဲ့ အဖြစ်အတိုင်းပါပဲလား”

“ဘာပြောတယ် မူးသာ . . . ဘာဆိုင်လဲ”

“အေး . . . အဲသည်ကောင်ကြင်စိုးကို ကြည့်၊ သူ့ကို ဘယ်သူကမှ အဖက်လုပ်ပြီး မဆက်ဆံချင်ကြတော့ဘူး”

“အဲဒါ ငါနဲ့ဘာဆိုင်လဲ”

“ဟား ဟား ဟား ဟား ဟား ဟား ဟား”

သည်အဘတွေကတော့ အဲသလိုဗျို့။ ပြီးရင်တော့ အဘစိမ်းမောင်တယောက် ဒေါသတကြီးနဲ့ ထပြန်သွားလိမ့်အုံးမယ်လို့ ထင်တာပါပဲဗျာ။

“ဒီမှာ မူးသာတို့ လုံးတုံးတို့ ရစ်ချတ်တို့ . . . ငါ လူငှားမရတာက ငါ့ကိစ္စ . . . နစကဥက္ကဋ္ဌကြီးကိစ္စက သူ့ကိစ္စ . . ဘာမှမပတ်သက်ဘူး”

“ဟား ဟား ဟား ဟား ဟား ဟား . . . .”

“ဘာရယ်ကြတာလဲ”

“‘မဆိုင်ဘူး’ ဆိုတာကို သဘောကျလို့ပါ”

“အေးလေ . . ဘာမှမဆိုင်ဘူးဟေ့ကောင်”

ကျန်အဘတွေကား ပြုံးစိပြုံးစိမှသည် ပြုံးဖြဲပြုံးဖြဲအဆင့်သို့ ရောက်လာပြီဖြစ်ပါ၏။ ပြီးတော့ တဦးကိုတဦး စိုက်ကြည့်ကြပါလေ၏။ ပြီးတော့ အဘမူးသာက စကားဝိုင်းကို အနားသတ်ပါလေတော့၏။

“မင်း မဆိုင်ဘူးယူဆရင်လည်း ဒီပုံစံအတိုင်းပဲ ဆက်လျှောက်ပေါ့ကွာ . . . ဟိုတခါ မင်း အိပ်ယာထဲလဲနေတုန်းက ရွာထဲက ဘယ်သူတွေ လာမေးသလဲ”

“အဲ . . . ဘယ်သူမှ မေးမေး မမေးမေးဟေ့”

“အေး . . . ဒီအတိုင်းသာဆက်သွားကြည့် .. . . မင်းနာရေးမှာ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူးဗျား . . .”

“ဟား ဟား ဟား ဟား ဟား ဟား . . . .”

အဘစိမ်းမောင်ကား ခြေသံပြင်းပြင်း ဆောင့်ကာနင်းပြီး မျက်ထောင့်စိမ်းကြီးများဖြင့် ပြန်တော်မူသွားပါလေပြီတကား။            ။

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013