
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အပစ်ခတ်ရပ်စဲထားပေမဲ့ ဒီဇင်ဘာလ ၈ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မင်ပြားမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ တိုင်းဗဟို(၉) က ဒီနေ့ မနက် ၈ နာရီကျော်လောက်ကနေ ၁၁ နာရီလောက်အထိ လက်နက်ကြီး၊လက်နက်ငယ်တွေ ပစ်ခတ်နေတဲ့အသံတွေ ကြားရပေမဲ့ ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ အသေအချာ မသိရသေးဘူးလို့ မင်းပြားမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
“ပစ်တာကတော့ တိုင်းဗဟို ၉ ရဲ့ အရှေ့ဘက် တောင်တန်းတွေကို ပစ်တာပါ။မင်းပြားမြို့ကနေ မြောက်ဦးမြို့ဘက်ကို ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ စစ်ကား ၁၆ စီးနဲ့ ရိက္ခာတွေပို့ပေးနေတယ်လို့ ကြားသိရပြီး လမ်းကြောင်းရှင်းတာလည်း ဖြစ်နိုင်တယ်။”
ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်အတွင်းမှာလည်း စစ်ကောင်စီက စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းကနေ မင်းပြားမြို့နယ်ဘက်ကို ရေတပ်ကဇက်ရေယာဉ်တွေနဲ့ ရိက္ခာတွေ၊လက်နက်ခဲယမ်းတွေနဲ့ အင်အားတွေ အဆက်မပြတ်ဖြည့်တင်းနေပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် အေအေတို့ဟာ နိုဝင်ဘာလ ၂၆ ရက်ကစလို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတချို့ကို ပြန်ဖွင့်ပေးခဲ့ပေမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်တားမြစ်ထားပါတယ်။