DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ခံ ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်တပ်ကဖမ်းဆီး၊ တမူးမြို့ခံ အမျိုးသမီး ၁ ဦး၏ နေအိမ် ချိပ်ပိတ်ခံရ
DVB
·
December 7, 2022
ကလေးမြို့ခံ ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်တပ်ကဖမ်းဆီး၊ တမူးမြို့ခံ အမျိုးသမီး ၁ ဦး၏ နေအိမ် ချိပ်ပိတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီဇင်ဘာ ၅ ရက်က ဒေသခံအမျိုးသားတယောက် မြို့ထဲကို ဈေးဝယ်သွားစဉ် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ  ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူဟာ ကိုအောင်မင်း ဖြစ်ပြီး ကလေးမြို့ဝင် အဖွဲ့စုံ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ခရီးသွားဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတဦးက ပြောပါတယ်

“သူက PDF မဟုတ်ဘူး။ PDF သင်တန်းလည်း မတက်ခဲ့ဖူးပါဘူး။ ဆောက်လုပ်ရေး သံချည်သံကွေးလုပ်နေတဲ့ သာယာဝတီကျေးရွာကပါ။ မြို့ထဲကို ကျေးရွာက နာမည်ပေး ကင်ပွန်းတပ်ပွဲရှိလို့ ပစ္စည်းသွားဝယ်ရာက အဖမ်းခံလိုက်ရတာပါ။”

ကို‌အောင်မင်း ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အများပြည်သူတွေ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက မသင်္ကကာဖွယ် ဆိုင်ကယ် ၁ စီးကို စစ်ဆေးခဲ့ရာ PDF သင်တန်း တက်ရောက်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကလည်း ကလေးမြို့ပေါ်မှာ CDM ကျောင်းဆရာတဦးနဲ့ ဒေသခံ PDF အဖွဲ့ဝင်တဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ကိုအောင်မင်းကို ‌PDF လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဒေသခံ ကလေး PDF တပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ရှေ့တန်းတနေရာ ရောက်နေတဲ့အတွက် အင်တာဗျူးဖြေဖို့ အဆင်မပြေသေးကြောင်း ပြောပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာလည်း  ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက စျေးတန်း ၈ ရပ်ကွက် ကံကော်လမ်း ခြံအမှတ် (၈/စျ/၂၀၈) RC သုံးထပ်တိုက်ပိုင်ရှင် တမူး PDF အဖွဲ့ဝင် ဗိုလ်စက္ကူရဲ့ ဇနီးဟောင်း နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်သွားပါတယ်။

ချိပ်ပိတ်သွားတဲ့အိမ်ဟာ သူနဲ့မသက်ဆိုင်ကြောင်း၊ သူ့ရဲ့ဇနီးနဲ့ အာဏာမသိမ်းခင်ကာလကတည်းက တရားဝင် ကွာရှင်းပြတ်စဲထားကြောင်း တမူး PDF အဖွဲ့ဝင် ဗိုလ်စက္ကူက ပြောပါတယ်။

“ကျနော်တို့ဇနီးမောင်နှံက ကွာရှင်းထားတာ ကြာပါပြီ။ တမူးမြို့က လွှတ်တော်အမတ်တွေ ရှေ့မှောက်မှာ တရားဝင်ကွာရှင်းထားတာပါ။ ကျနော့်ရဲ့ ဇနီးဟောင်းအိမ်ကို ဘာကြောင့်ချိပ်ပိတ်တာလဲဆိုတာ ကျနော်လည်း စဉ်းစားလို့မရဘူး။”

ဗိုလ်စက္ကူရဲ့ ဇနီးဟောင်းအိမ် ချိပ်ပိတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်း‌တွေမှာ တမူးမြို့မရဲစခန်း (ပ)၄၃/၂၀၂၂ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ခ) အမှုမှ တရားခံ ကျော်မျိုးဦး (ခ) ကိုမျိုး (ခ) ဗိုလ်စက္ကူ ပိုင်ဆိုင်တဲ့ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တမူးမြို့မှာ တမူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တွေ၊ ဒေသခံ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နေအိမ် အပါအဝင် နေအိမ်ပေါင်း ၁၅ လုံးဝန်းကျင် ချိပ်ပိတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013